Major William Sa Lian Zam (ချင်းလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်) နှင့် ချင်းဒီမိုကရေစီပါတီ၊ ချင်းလွတ်မြောက်ရေးတပ်မတော်၏ တော်လှန်ရေးသမိုင်း (အပိုင်း ၁)

 ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ချင်း၊ ကချင်၊ ရှမ်း နှင့် မြန်မာလူမျိုးတို့ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကြီးကြောင့် ၁၉၄၈ ခုနှစ်တွင် နယ်ချဲ့ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိပြီး လွတ်လပ်သော တိုင်းပြည်တစ်ပြည်အဖြစ် ရပ်တည်လာနိုင်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် လွတ်လပ်ရေး၏ ဘွားဖက်တော်အဖြစ် ပြည်တွင်းစစ်ကြီး နှင့် ကြုံတွေ့ရင်ဆိုင်ခဲ့ရပြီး ပြည်ထောင်စုကြီးပြိုကွဲမည့် အဖြစ်ဆိုးမှ ကာကွယ်ရာတွင် ချင်းလူမျိုးတို့သည် နိုင်ငံတော်အစိုးရ၏ အားအကိုးရဆုံးသောသူများ ဖြစ်ခဲ့သည်။ 

လွတ်လပ်ရေးရရှိပြီးနောက် နိုင်ငံအတွင်း အမြင်၊ အယူဝါဒခံစားချက် အနေအထားအမျိုးမျိုးကြောင့် နိုင်ငံတစ်ဝှမ်း ပြည်တွင်းစစ်မီး တောက်လောင်ခဲ့သည်မှာ ယနေ့ထက်တိုင် မငြိမ်းသတ်နိုင်ခဲ့သေးပေ။ မြန်မာ့နိုင်ငံရေးရေစီးကြောင်းတွင် ချင်းလူမျိုးတို့သည် ပြိုလဲတော့မည့် ပြည်ထောင်စုကြီးအား ကယ်တင်ပေးခဲ့သော ဒေါက်တိုင်ကြီးတစ်ခုဖြစ်ခဲ့သလို၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အစရှိသော ဒီမိုကရေစီ၏ အနှစ်သာရများအား ရရှိနိုင်ရေးအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်၊ တော်လှန်မှုများ ရှိခဲ့သည်။ ထိုသို့တော်လှန်ခဲ့ကြရာတွင် ဗိုလ်မှူး ဝီလီယံဆာလျန်ဇမ်း (Major William Sa Lian Zam) သည် ချင်းလူမျိုးများ ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်သည့် အာဏာရှင်စနစ်မှ လွတ်မြောက်နိုင်ရန်အတွက် သူကိုယ်တိုင် ဦးဆောင်သည့် ချင်းလွတ်မြောက်ရေးတပ်မတော် နှင့်အတူ လွတ်မြောက်ရေး တိုက်ပွဲများဆင်နွှဲရင်း ချင်းပြည်အတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ဗိုလ်မှူး ဝီလီယံဆာလျန်ဇမ်း နှင့် ချင်းလွတ်မြောက်ရေးတပ်မတော်၏ သက်တမ်းသည် တိုတောင်းလှသော်လည်း ခေတ်သစ် ချင်းအမျိုးသားရေးလှုပ်ရှားမှု လက်နက်ကိုင် တော်လှန်ရေးသမိုင်းတွင် အာဏာရှင်အစိုးရနှင့် တိုက်ပွဲ အများဆုံးဆင်နွှဲခဲ့သည့် အဖွဲ့အစည်းဖြစ်ပေသည်။

ဝီလီယံဆာလျန်ဇမ်း (William Sa Lian Zam) ကို ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဇာဟောင် (Zahau) တိုက်နယ်ထဲရှိ ခေါင်သဲ (Khaute) ရွာတွင် Pu Kap Al နှင့် Pi Thuam Men တို့မှ ၁၉၄၄ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းညီအစ်ကိုမောင်နှစ်မ ခြောက်ဦးအနက် တတိယမြောက်ဖြစ်သည်။ သူသည် ခေါင်သဲရွာအနီးရှိ ဘွာလ်ဇောလ် (Bualzawl) ရွာ၌ ကျာင်းစတင်တက်ရောက်ခဲ့ပြီးနောက် ကလောမွန် (Tlauhmun) ရွာတွင် မူလတန်းဆက်လက်သင်ကြားခဲ့သည်။ စတုတ္ထတန်းအောင်မြင်ပြီးနောက် ဖလမ်းမြို့တွင် ပညာဆက်လက်ဆည်းပူးခဲ့သည်။ ဖလမ်းမြို့တွင် သူကျောင်းတက်သည့် အချိန်မှစပြီး နိုင်ငံရေး နှင့် လူမှုရေးဘက်တွင် စိတ်အားထက်သန်သူဖြစ်သည်။ ဝီလီယံဆာလျန်ဇမ်း နဝမတန်း တက်ရောက်သည့်အချိန်တွင် နိုင်ငံရေးလုပ်သည့်အတွက်ကြောင့်ဆိုပြီး ထောင်နှစ်ပတ်ကျခဲ့ဖူးသည်။ နဝမတန်းအောင်မြင်ပြီးနောက် ဒသမတန်းအား ရန်ကုန်မြို့တွင် တက်ရောက်ချင်ကြောင်း သူ့အစ်ကိုကြီးထံတွင် ပူဆာခဲ့သည်။ သူ့အစ်ကိုကြီးမှ တတ်နိုင်သမျှထောက်ပံ့ရန် သဘောတူခဲ့ပြီး ရန်ကုန်မြို့သို့ ဒသမတန်းတက်ရောက် ရန်ထွက်ခွာခဲ့သည်။ သူသည် အင်္ဂလိပ်စကားပြောကို အလွန် စိတ်ဝင်စားသူဖြစ်ပြီး သူ့အပေါင်းအသင်းများနှင့် တွေဆုံသည့်အချိန်များတွင် အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့သူဖြစ်ရာ သူ့အား အင်္ဂလိပ်စကားပြောတတ်သူဟု ချစ်စနိုး နာမည်မှည့်ထားခဲ့ကြသည်။ ဒသမတန်းပြီးဆုံးပြီးနောက် ချင်းပြည်သို့ ပြန်လာခဲ့ပြီး ကုန်သည်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုရန် ကြိုးစားခဲ့သည်။ သို့သော်လည်းဘဲ မအောင်မြင်ခဲ့သဖြင့် ဗမာ့တပ်မတော်၊ ရေတပ် (Burma Navy) သို့ ၁၉၆၅ တွင် ဝင်ရောက်ခဲ့သည်။

ထိုအချိန်တွင် ရန်ကုန်မြို့၌ ဒေါက်တာဇလှေထန်း (Dr. Za Hlei Thang) (ကွယ်လွန်) တို့နှင့် ခင်မင်ရင်းနှီးခဲ့ပြီး အခြားချင်းလူငယ်များနှင့် နိုင်ငံရေးကိစ္စများ အစဉ်ဆွေးနွေးခဲ့ကြသည်။ ဒေါက်တာဇလှေထန်းသည်လည်း ၁၉၆၅ ခုနှစ်မှ စတင်ပြီး ဆေးတက္ကသိုလ်တက်ရောက်သင်ကြားခဲ့ရာ ဝီလီယံသည်လည်း Burma Navy ထဲသို့ ဝင်ရောက်ခဲ့သည်။ သူတို့တွေ့ဆုံသည့် အချိန်တိုင်း နိုင်ငံရေးအမြဲ ပြောဆိုဆွေးနွေးကြသည်။ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းသည့် ဖြစ်ရပ်ကို ရွံ့မုန်းကြသည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီမှ တိုင်းပြည် အာဏာကို သိမ်းယူခဲ့ပြီး ဇူလိုင် ၄ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် (မ.ဆ.လ) ပါတီအား တည်ထောင်ခဲ့သည်။ ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် တော်လှန်ရေးကောင်စီသည် ၁၉၆၄ ခုနှစ်မှစတင်ကာ နိုင်ငံအတွင်းရှိ စက်ရုံနှင့် ပုဂ္ဂလိက လုပ်ငန်းများအားလုံး ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ရာ မြန်မာနိုင်ငံသည်လည်း ကွန်မြူနစ်စနစ်ကဲ့သို့သော အာဏာရှင်စနစ် ဘက်သို့ ဦတည်လာခဲ့သည့်အဖြစ်ကို ဝီလီယံဆာလျန်ဇမ်း နှင့် ချင်းလူမျိုးတစ်ချို့ လက်မခံနိုင်ခဲ့ကြချေ။ ၎င်းတော်လှန်ရေး၏ အကျိုးဆက်အဖြစ် ဝီလီယံဆာလျန်ဇမ်း နှင့် ချင်းလူငယ်တစ်စုတို့သည်လည်း ချင်းပြည်နှင့်ချင်းလူမျိုးများ အာဏာရှင်လက်အောက်မှ လွတ်မြောက်နိုင်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ရန် စိတ်အားထက်သန်စေခဲ့သည်။


ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးနောက် ချင်းလူမျိုးတစ်စု တော်လှန်ရေး စတင်ခဲ့ကြသည်။ တစ်ချိန်က အမှတ် (၂) ချင်းသေနတ်ကိုင်တပ်ရင်းကို ဦးစီးခဲ့သည့် ဒု-ဗိုလ်မှူးကြီးဟောင်း ဆွန်ခိုပေါင် (Lt.Col. Son Kho Pau)၊ ချင်းလွှတ်တော်အမတ်ဟောင်းများဖြစ်သော ဦးဟရန်နော် (Pu Hrang Nawl)၊ ဦးဆွန်ကျင်လျန် (Pu Son Cin Lian)၊ ဦးရာလ်မှုန်း (Pu Ral Hmung)၊ ဦးရိုထန်း (Pu Ro Thang) နှင့် အခြားချင်းခေါင်းဆောင်များ ဖြစ်ကြသော ဦးဒမ်ခိုဟောက် (Pu Dam Kho Hau)၊ ဦးပါကျုံးနုန်း (Pu Pa Cung Nung)၊ ဦးမန်ခိုပေါင် (Pu Mang Kho Pau)၊ ဦးမွှန်ဟရဲ (Pu Hmun Hre)၊ နှင့် ပိုက်သဲအမျိုးသားကောင်စီ (Paite National Council) ခေါင်းဆောင် ဦးသွန်ခိုပုမ် (Pu Tun Kho Pum) တို့သည် တော်လှန်ရေးကို ၁၉၆၄ ခုနှစ်မှ စတင်ခဲ့ကြသည်။ Pu Son Kho Pau နှင့် Pu Tun Kho Pau တို့သည် ချင်းလွတ်လပ်ရေးတပ်မတော် (Chin Independence Army) နှင့် ညီညွတ်သောချင်းအစိုးရ (United Chin Government) ကိုထူထောင်ခဲ့ကြပြီး မြန်မာ-အိနွိယနယ်စပ်တွင် လှုပ်ရှားခဲ့ကြသည်။

ထို့အပြင် ချင်းလူငယ်တစ်စုဖြစ်သည့် Pu Jimmy Thang Khan Suan (Pu Thang Za Dal)၊ Pu Peter Hau Khan Khup (Pu Hau Za Cin) နှင့် Pu William Kam Za Lian တို့သည်လည်း ၁၉၆၃ နှစ်ကုန်ပိုင်းမှစ၍ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် အဆက်အသွယ်ပြုလုပ်ပြီး ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်သည့် အာဏာရှင်စနစ်အား တော်လှန်ရန် စတင်လှုပ်ရှားလာခဲ့သည်။ ၎င်းလူငယ်သုံးဦးသည် တော်လှန်ရေးနယ်မြေမှ မြန်မာပြည်သို့ မကြာမကြာ လျှို့ဝှက်ဝင်ရောက်လာခဲ့ကြပြီး တော်လှန်ရေးအတွက် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။ Pu Jimmy Thang Khan Suan သည် မြန်မာပြည်သို့ ပြန်ဝင်လာသည့် အချိန်တိုင်း ဦးလျန်အုပ် (Pu Lian Uk)၊ ဥပဒေဒုတိယနှစ်ကျောင်းသား ထန်ဇပေါင် (Pu Thang Za Pau)၊ ဆလိုင်းကိပ်ခိုလျန် (Salai Kipp Kho Lian) တို့နှင့် တွေ့ဆုံပြီး ချင်းတော်လှန်ရေးအတွက် အမြဲဆွေးနွေးခဲ့ကြသည်။ ထိုအချိန်တွင် အနွိယနိုင်ငံ အရှေ့မြောက်ဘက်၊ ချင်းပြည်နယ်နှင့်နယ်နမိတ်ဆက်စပ်လျက်ရှိသော မီဇိုရမ်ပြည်နယ် လွတ်လပ်ရေးရရှိရေးအတွက် အိန္ဒိယအစိုးရအား လက်နက်တိုက်တော်လှန်သည့် မီဇိုအမျိုးသားတပ်ဦး (Mizo National Front) နှင့်လည်း ဆက်သွယ်မှုများ ပြုလုပ်နိုင်ခဲ့ကြသည်။

ပါလီမာန်ဒီမိုကရေစီပါတီ (PDP) ထူထောင်ခြင်း 

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီမှ တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပြီး နိုင်ငံတော် သမ္မတ၊ ဝန်ကြီးချုပ်ဦးနု၊ ဝန်ကြီးများ နှင့် လွှတ်တော်အမတ်များအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ တော်လှန်ရေးကောင်စီသည် ဇူလိုင် ၄ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် (မ.ဆ.လ) ပါတီအား တည်ထောင်ခဲ့ပြီး ၁၉၆၄ ခုနှစ်မှစတင်ကာ နိုင်ငံအတွင်းရှိ စက်ရုံနှင့် ပုဂ္ဂလိက လုပ်ငန်းများအားလုံး ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့သည်။ ဝန်ကြီးချုပ်ဦးနုအပါအဝင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသော နိုင်ငံရေးသမားတစ်ချို့အား ၁၉၆၆ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်နေဝင်းမှ ပြန်လွှတ်ပေးခဲ့သည်။ ၁၉၆၈ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းသည် သုံးဆယ်သုံးဦးအကြံပေးအဖွဲ့ဟုလူသိများသည့် ပြည်တွင်းငြိမ်းချမ်းရေးအကြံပေးအဖွဲ့ (Interim Unity Advisory Board) ကိုဖွဲ့စည်းခဲ့ပြီး ထိုအဖွဲထဲတွင် ဦးနု နှင့် လွှတ်တော်အမတ်ဟောင်းများလည်း ပါဝင်ခဲ့ကြသည်။ 

ချင်းလွှတ်တော်အမတ်များဖြစ်သော ပလက်ဝနယ်လွှတ်တော်အမတ် ဦးထပ်လှိုင် နှင့် တီးတိန်နယ်လွှတ်တော်အမတ် ဦးလွန်ပုမ် (Pu Lun Pum) တို့သည်လည်း ထိုအဖွဲ့ထဲတွင်ပါဝင်ခဲ့ကြသည်။ အဖွဲ့၏ ရည်ရွယ်ချက်မှာ နိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် အသစ်ရေးဆွဲ ပြဌာန်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွက် တော်လှန်ရေးကောင်စီသို့ အကြံပေးချက်များ တင်သွင်းရန်ဖြစ်သည်။

၁၉၆၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဦးနုသည် ကြားဖြတ်အစီရင်ခံစာ တစ်စောင်အား ဗိုလ်ချုပ်နေဝင်းထံသို့ တင်သွင်းခဲ့သည်။ ၎င်းအစီရင်ခံစာတွင် ဗိုလ်ချုပ်နေဝင်းမှ သိမ်းခဲ့သောအာဏာအား သူ့ (ဦးနု) ထံသို့ ပြန်လည်လွှဲပြောင်းပေးရန် နှင့် ၁၉၆၂ မတ်လတွင် ဖျက်သိမ်းခဲ့သည့် ပါလီမာန်ကို ပြန်လည်ခေါ်ဆောင်ပြီး အသက်ပြန်သွင်းရန် တို့ဖြစ်သည်။ ထို့နောက် ဦးနုမှပါလီမာန်ခေါ်ယူပြီး ဗိုလ်ချုပ်နေဝင်းအား နိုင်ငံတော် သမ္မတအဖြစ်ခန့်အပ်ရန် အကြံပြုထားသည်။ ဦးနုသည် ဗိုလ်ချုပ်နေဝင်းက သူ့အကြံပေးစာအား လက်ခံမည်မဟုတ်ကြောင်း သိရှိသည့်အတွက် တော်လှန်ရေးဘက်တွင် ခြေလှမ်းစတင်ခဲ့သည်။ သူသည် ကျန်းမာရေးမကောင်းမှုကို အကြောင်းပြပြီး အိနွိယနိုင်ငံသို့ ဆေးကုသခွင့်ပေးရန် အစိုးရထံသို့ တင်ပြခဲ့သည်။ တော်လှန်ရေးအတွက် လျှို့ဝှက်စည်းရုံးရေးလုပ်ဆောင်ခဲ့ပြီး အကြံပေးသုံးဦးဖြစ်သည် ဗိုလ်လက်ျာ (ရဲဘော်သုံးကျိပ်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဟောင်း)၊ ဦးသွင် (ကုန်သွယ်ရေးဝန်ကြီးဟောင်း) နှင့် ဗိုလ်မှူးချုပ်အောင်ကြီး (ဗိုလ်ချုပ်နေဝင်း၏လက်ထောက်) တို့အား လျှို့ဝှက်တိုင်ပင်ခဲ့သည်။ ဦးနုမှ ၎င်းအကြံပေးသုံးဦးအား “ငါတော်လှန်ရေးလုပ်မယ်။ ခင်ဗျားတို့လည်း ပါစေချင်တယ်။ အခုချက်ချင်းအဖြေပေးစရာမလိုဘူး။ အစိုရဆီကနေ အိနွိယနိုင်ငံမှာ ဆေးကုသဖို့ ခွင့်ပြုချက်ရပြီးပြီ။ ငါထွက်ပြီး တစ်လအကြာမှာ တော်လှန်ရေးစတင်တဲ့အကြောင်း ကြေငြာမယ်။ ခင်ဗျားတို့ လာမယ်ဆိုရင် တိုင်းပြည်ထဲကနေထွက်ဖို့ နည်းလမ်းရှာကြပါ။ အပြင်ရောက်မှ အကြောင်းစုံပြန်ဆွေးနွေးကြမယ်” ဟုသူတို့အားပြောထားခဲ့သည်။ ဗိုလ်မှူးချုပ်အောင်ကြီးကမူ တပ်မတော်သားတစ်ဦး အနေဖြင့် ဗိုလ်ချုပ်နေဝင်းနှင့်အတူ သစ္စာရှိစွာရပ်တည်မည်ဖြစ်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့သည်။

ဦးနုသည် ၎င်းတင်ပြခဲ့သည့် ကြားဖြတ်အစီရင်ခံစာ၏ အဖြေကိုပင် မစောင့်တော့ဘဲ အိနွိယနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။ ဗိုလ်လက်ျာ သည်လည်း ကျန်းမာရေးအကြောင်းပြပြီး အိနွိယနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။ ဦးနုသည် ဗိုလ်လက်ျာ၊ ဦးလောရုံ (The Nation သတင်းစာ အယ်ဒီတာချုပ်) တို့နှင့် တွေ့ဆုံပြီးနောက် တော်လှန်ရေးကောင်စီအစိုးရအား တော်လှန်ရန်အတွက် စတင်ဆောင်ရွက်ခဲ့ကြသည်။ ၁၉၆၈ သြဂုတ်လတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံရောက် တော်လှန်ရေးသမားများဖြစ်သော ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးချုပ်ဟောင်း စောကြာဒိုး၊ ဦးဇာလီမော်တို့နှင့် တော်လှန်ရေးအတွက် ဗျူဟာချခဲ့ကြသည်။ ထို့နောက် ဦးနုနှင့်ဦးလောရုံသည် လန်ဒန်မြို့သို့ သွားရောက်ခဲ့ပြီး ၁၉၆၉ ခုနှစ် သြဂုတ် ၂၇ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် ဦးနုက သူသာလျှင် မြန်မာနိုင်ငံ၏ တရားဝင်ဝန်ကြီးချုပ်ဖြစ်ပြီး မြန်မာပြည်သူသားများအတွက် ဒီမိုကရေစီ ပြန်လည်မရမချင်း ကြိုးစားအားထုတ်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ 

ပါလီမာန်ဒီမိုကရေစီပါတီ (PDP) ဖွဲ့စည်းပြီးဖြစ်ကြောင်းလည်း ကြေငြာခဲ့သည်။ ထို့နောက် ဦးနုသည် အမေရိကန်နိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ပြီး တော်လှန်ရေးလုပ်ဆောင်မည့်အကြောင်း ထပ်မံကြေငြာကာ ထိုတော်လှန်ရေးအတွင် ရံပုံငွေရှာဖွေခြင်းများလည်း ပြုလုပ်ခဲ့သည်။ ဦးနုသည် ဦးလောရုံအား ရန်ပုံငွေရှာဖွေရေးမှူးချုပ် (Chief Fundraiser) အဖြစ် ခန့်အပ်ခဲ့သည်။ ဦးနုတော်လှန်ရေးအတွက် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ (CIA) နှင့် အဆက်အသွယ်ရှိသူများ ဘက်မှလည်းကောင်း၊ ကမ္ဘာ့နိုင်ငံတစ်ချို့မှလည်းကောင်း၊ ကမ္ဘာ့ရေနံကုမ္ပဏီများမှလည်းကောင်း ငွေအလုံးအရင်း ဖြင့်ထောက်ပံ့ခဲ့ကြသည်။ CIA တွင်တာဝန်ထမ်းဆောင်ခဲ့သည့် အရာရှိဟောင်း Mr. William Young မှလည်း ဦးနုတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေးခြင်းများ ပြုလုပ်ခဲ့သည်။ ဦးနုတို့အဖွဲ့မှရရှိသည့် ရန်ပုံငွေများ၏ အရင်းအမြစ်ကိုမူ ဦးလောရုံမှ ထုတ်ဖော်ခြင်းမရှိခဲ့ချေ။ ပါလီမာန်ဒီမိုကရေစီပါတီ ဥက္ကဌအဖြစ် ဦးနု၊ ဒု-ဥက္ကဌ အဖြစ် ဗိုလ်လက်ျာ ၊ အတွင်းရေးမှူအဖြစ် ဦးလောရုံ၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဦးသွင် တို့ဖြစ်ကြသည်။ ပါလီမာန်ဒီမိုကရေစီပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် [Patriotic Liberation Army (PLA)] ကိုလည်းဖွဲ့စည်းခဲ့ပြီး စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးလက်ျာ မှ ဦးဆောင်ခဲ့သည်။

ဦးနုခေါင်းဆောင်သည့် ပါလီမာန်ဒီမိုကရေစီပါတီသည် တော်လှန်ရေးအောင်မြင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများသည် အဓိကအချက်အချာကျသည့် အချက်ဖြစ်ကြောင်း သိရှိနားလည်ခဲ့ကြသည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ညှိနှိုင်းမှုများပြုလုပ်လာခဲ့ကြသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကမူ ဦးနုအစိုးရမှ နိုင်ငံတော်ဘာသာအား ဗုဓ္ဒဘာသာကြေငြာခဲ့သည့် ဖြစ်ရပ်ကြောင့် ဦးနုအား ခွင့်မလွှတ်နိုင်ခဲ့ကြဘဲ ဦးနုနှင့်ပူးပေါင်းရန် ငြင်းဆန်ခဲ့ကြသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ [Karenni National Progressive Party (KNPP)] မှလည်း ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကရင်နီပြည်နယ် ခွဲထွက်ခွင့်အား တောင်းဆိုကြသည်။ ၁၉၄၈ ခုနှစ်တွင် ကရင်နီခေါင်းဆောင် U Bee Tu Ree လုပ်ကြံခံခဲ့ရသည့် အဖြစ်တွင် ဦးနု၌တာဝန်ရှိသည်ဟု ယုံကြည်ကြပြီး ဦးနုအဖွဲ့နှင့် ဆက်ဆံခြင်းမပြုခဲ့ကြချေ။ ရှမ်းပြည်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များနှင့်လည်း ကနဦးဆက်သွယ်မှုများပြုလုပ်ရာတွင် အဆင်မပြေခဲ့ပေ။ ဦးနုမှ ရှမ်းပြည်လက်နက်ကိုင်တပ်ဖွဲ့နှင့် ဆက်သွယ်ရေး ပြေလည်စေရန်အတွက် ကိုးကန့်အမတ်ဟောင်း နှင့် ရှမ်းပြည်တပ်မတော် (Shan State Army) အရာရှိဟောင်း Jimmy Yang အား ခန့်အပ်ထားခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ချေ။ စီ-အိုင်-အေ အရာရှိဟောင်း Mr. William Young မှလည်း ဝတပ်ဖွဲ့ နှင့် လားဟူ တပ်ဖွဲ့တို့အား ဦးနုအားထောက်ခံရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

ဦးနုတို့အဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထဲတွင် အင်အားအကြီးမားဆုံးဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အတူပူးပေါင်းကာ တော်လှန်ရေးလုပ်နိုင်ရန် ကြိုးပမ်းလာခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာ အစပိုင်းတွင် အခက်အခဲနှင့်ကြုံတွေ့ ခဲ့ရသော်လည်း ငွေရေးအင်းအားတောင့်တင်းသော ဦးနုအဖွဲ့သည် KNU နှင့် မွန်ပြည်သစ်ပါတီ [New Mon State Party (NMSP)] တို့ နှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့ကြသည်။ ၁၉၇၀ မေလ ၂၅ ရက်နေ့တွင် National United Liberation Front (NULF) ခေါ် ညီညွတ်သောအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု အားတည်ထောင်ခဲ့ကြပြီး PDP ဥက္ကဌ ဦးနု၊ KNU ဥက္ကဌ ဦးမန်းဘဇံ နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ ဦးနိုင်ရွှေကျင် တို့မှ လက်မှတ်ရေးထိုးပြီး မဟာမိတ်ဖွဲ့နိုင်ခဲ့ကြသည်။ မဟာမိတ်အဖွဲ့ဝင် KNU အား PDP မှ ပထမဆုံး ထိုင်းဘတ်ငွေ လေးသန်း၊ NMSP အား ထိုင်းဘတ်ငွေ နှစ်သန်း ပေးအပ်ခဲ့သည်။ ထိုသို့ NULF ဖွဲ့စည်းရာတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် သဘောတူခဲ့ကြသည်။ ဦးနုတို့အဖွဲ့ဘက်မှလည်း ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ထည့်သွင်းခဲ့ခြင်း မရှိသည့် “ဖက်ဒရယ်” ကိုလက်ခံလာခဲ့ရသည်။ မဟာမိတ်အဖွဲ့သည် စစ်မှန်သော၊ တရားမျှတမှုရှိသော၊ တိုးတက်ပြီး ငြိမ်းချမ်းသော “ဖက်ဒရာယ်ပြည်ထောင်စု (Federal Union Republic)” တည်ထောင်ရန် သဘောတူခဲ့ကြသည်။

ပါလီမာန်ဒီမိုကရေစီပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော PLA တပ်တွင် ဝင်ရောက်ရန် တပ်သားအများအပြား စည်းရုံးနိုင်ခဲ့ကြသည်။ ပြည်တွင်းရှိ နိုင်ငံရေးသမားတစ်ချို့သည်လည်း ဦးနုထံသို့ သွားရောက်ပူးပေါင်းခဲ့ကြသည်။ PLA တပ်သည် မြန်မာ၊ ထိုင်းနယ်စပ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်ရာ နယ်မြေများတွင် စစ်ဌာနချုပ်သုံးခု ဖွဲ့စည်းခဲ့ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား Jimmy Yang မှလည်းကောင်း၊ အလယ်ပိုင်းတိုင်းတိုင်းစစ်ဌာနချုပ်အား မဲဆောက်မြို့နယ် ဟိုဖိုင်စခန်း တွင်တည်ထောင်ကာ တိုင်းမှူးှဗိုလ်ချုပ်သွင် မှလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဘုရားသုံးဆူစခန်း တွင်တည်ထောင်ပြီး တိုင်းမှူးဗိုလ်ချုပ်ရန်နိုင်တို့မှ ဦးဆောင်ခဲ့ကြသည်။ လက်တွေ့တွင်မူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သည် အမည်ခံမျှသာဖြစ်ပြီး ဦးနုအဖွဲ့အား ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များမှ ထောက်ခံရန် ညှိနှိုင်းဆွေးနွေး နိုင်ခြင်းမရှိခဲ့ချေ။ မဟာမိတ်အဖွဲ့သည် ဦးနုအမည်ပါ ပိုက်ဆံ နှင့် ရွှေဒင်္ဂါးပြားစေ့များလည်း ထုတ်လုပ်ခဲ့ပြီး နိုင်ငံတကာ သံရုံးများသို့ သူတို့အား အသိအမှတ်ပြုနိုင်ရန် ပေးပို့ခဲ့ကြသည်။ ဦးနုသည် NULF မဟာမိတ်ရေဒီယိုအား ၁၉၇၀ မေလမှ စတင်ထုတ်လွှင့်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးသို့ ဗိုလ်ချုပ်နေဝင်းအစိုးရအား ဆန့်ကျင်သည့် သတင်းများ ထုတ်လွှင်ခဲ့သည်။


ဝီလီယံဆာလျန်ဇမ်း တော်လှန်ရေးနယ်မြေသို့ ထွက်ခွာခြင်း 

ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သည့် တော်လှန်ရေးကောင်စီအစိုးရအား ဦးနုမှ တော်လှန်သည့်အကြောင်း၊ ပါလီမာန်ဒီမိုကရေစီပါတီဖွဲ့စည်းသည့်အကြောင်း ရေဒီယိုဖြင့် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ထိုအချိန်တွင် ချင်းလူငယ်တစ်ချို့သည်လည်း ဦးနုနှင့်သွားရောက်ပူးပေါင်းရန် ကိုယ့်အစီအစဉ်ကိုယ်စီ ဖြင့် ဆောင်ရွက်ခဲ့ကြသည်။ 

တော်လှန်ရေးနယ်မြေများတွင် လှုပ်ရှားပြီးဖြစ်သည့် Pu Jimmy Thang Khan Suan (Pu Thang Za Dal) ဦးဆောင်သော ချင်းလူငယ်တစ်စုသည်လည်း ဇိုမီး(ချင်း)အမျိုးသားတပ်ဦး [Zomi (Chin) National Front] ကိုဖွဲ့စည်းခဲ့ကြပြီး ပြည်တွင်း၌ တော်လှန်ရေးအတွက် စည်းရုံးမှုများ လုပ်ဆောင်ခဲ့ကြသည်။ ဥပဒေဒုတိယနှစ်ကျောင်းသား ထန်ဇပေါင် (Pu Thang Za Pau) သည် တော်လှန်ရေးအတွက် စိတ်အားထက်သန်သူဖြစ်ပြီး တော်လှန်ရေးလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ဝီလီယံဆာလျန်ဇမ်း (Pu William Sa Lian Zam)၊ ဒေါက်တာဇလှေထန်း (Dr. Za Hlei Thang) တို့နှင့်လည်း သိကျွမ်းခဲ့ပြီး ချင်းတော်လှန်ရေးအတွက် သူတို့ကိုလည်း စည်းရုံးခဲ့သည်။ ဒေါက်တာဇလှေထန်း၏ ပြန်လည်ပြောကြားချက်အရ “ဒု-ဗိုလ်မှူးကြီးချန်ခိုခိုင် (Lt.Col. Thian Kho Khai) ရဲ့သား ထန်ဇာပေါင် (Pu Thang Za Pau) ကနေ ဝီလီယံဆာလျန်ဇမ်း (William Sa Lian Zam) ကို တော်လှန်ရေးအတွက် စစ်ရေးဘက်မှာ လေ့ကျင့်ရေးပေးဖို့အတွက် သူစည်းရုံးခဲ့တယ်။ ဝီလီယံဆာလျန်ှဇမ်းဟာ ဗမာ့တပ်မတော် (ရေတပ်) မှာ တာဝန်ထမ်းဆောင်နေသူဖြစ်သည်နှင့်အမျှ စစ်ရေးဘက်မှာ ကျွမ်းကျင်သူဖြစ်တဲ့အတွက် ဤတော်လှန်ရေးတွက် တပ်သားများ လေ့ကျင့်ပေးဖို့ သင့်တော်သည့်သူဖြစ်တယ်။ ဝီလီယံဟာ သူ့မိသားစုတွေတားမြစ်မှာကို သိတဲ့အတွက် သူ့မိသားစုကို အသိမပေးခဲ့ဘဲ ကျွန်တော်နဲ့ဘဲ အမြဲဆွေးနွေးဖြစ်တယ်။ ကွန်မြူနစ် နှင့် ဆိုရှယ်လစ် အာဏာရှင်စနစ်တွေ ကျွန်တော်တို့အရမ်းမုန်းတီခဲ့တဲ့အတွက် ကျွန်တော်လည်းဘဲ သူတော်လှန်ရေးနယ်မြေထွက်ခွာဖို့ သူ့ဆုံးဖြတ်ချက်ကို အားပေးထောက်ခံခဲ့တယ်။ အဲဒီချိန်မှာ မိုက်ကယ်မန်ခမ်း (Pu Michael Mang Kham) နှင့် ဦးနိုဇမ် (Pu No Zam) တို့သည်လည်း မိမိတို့ရဲ့အစီအစဉ်နှင့် ရန်ကုန်ရောက်လာခဲ့တယ်။ မိုက်ကယ်မန်ခမ်း (Pu Michael Mang Kham) နှင့်ကျွန်တော်က ဖလမ်းမှာ ကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်တယ်။ သူဘယ်လိုရောက်လာတယ် ဆိုတဲ့အကြောင်း တော့ကျွန်တော် သေချာမသိခဲ့ဘူး” ဟုပြောခဲ့သည်။

ဒေါက်တာဇလှေထန်းနှင့် ဝီလီယံဆာလျန်ဇမ်း ဆွေးနွေးပြီး ဒေါက်တာဇလှေထန်းသည် ပြည်တွင်းတွင် ကျန်ရစ်မှာခဲ့ပြီး တော်လှန်ရေးအတွက် လိုအပ်သည်များကို ပြည်တွင်းမှ လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ဒေါက်တာဇလှေထန်းသည်လည်း ဝီလီယံတို့အဖွဲ့ ထိုင်းနိုင်ငံရောက်ပြီးနောက် သူတို့လိုအပ်ချက်များအတွက် ပြည်တွင်းမှ ကူညီမှုများပေးခဲ့သည်။ 

ဦးနုတို့တည်ထောင်ခဲ့သည့် အမျိုးသားညီညွတ်ရေးနှင့် လွတ်မြောက်ရေးတပ်ပေါင်းစု (NULF) မဟာမိတ်ရေဒီယိုတွင် ချင်းဘာသာဖြင့် အသံထုတ်လွှင့်ရန် ပြည်တွင်းမှ လူရှာပေးခဲ့သည်။ ထိုအကြောင်းနှင့် ချင်းတော်လှန်ရေးသမားများနှင့် ဆက်သွယ်သည့်အကြောင်းများ တပ်မတော်ထောက်လှမ်းရေးမှ ရိပ်မိပြီး ဒေါက်တာဇလှေထန်းသည် ဆင်ဖြူတော်စစ်ဆင်ရေး၌ အဖမ်းခံရခဲ့သည်။ ၁၉၇၂ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်သည်။

မိုက်ကယ်မန်ခမ်းသည်လည်း ဦးနုတော်လှန်ရေးစတင်သည့်အကြောင်းကို ရေဒီယိုမှတစ်ဆင့်သိခဲ့ရသည်။ သူသည်လည်း တိုင်းပြည်အတွက် ပေးကမ်းချင်စိတ် ရှိလာခဲ့သည်။ ထိုအချိန်တွင် သူသည် အစိုးရဝန်ထမ်းဖြစ်ပြီး ဖလမ်းမြို့ရှိ ဖလမ်းပြည်သူ့ဆိုင် (Falam People Stores) တွင် ဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။ မိုက်ကယ်မန်ခမ်း သည် ဖလမ်းနယ်ကိုယ်စားပြု လွှတ်တော်အမတ် ဦးနိုဇမ်နှင့်တွေ့ဆုံပြီးနောက် ဦးနုတော်လှန်ရေးသို့ သွားရောက်ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည်။ မိုက်ကယ်မန်ခမ်းသည် ထိုအချိန်တွင် တစ်နှစ်အရွယ် သမီးလေးကိုထားခဲ့ပြီး တော်လှန်ရေး နယ်မြေသို့ ထွက်ခွာရန် ရန်ကုန်မြို့သို့ ဆင်းလားခဲ့သည်။ ရန်ကုန်တွင် ဝီလီယံဆာလျန်ဇမ်း နှင့် တွေ့ဆုံပြီး သူတို့နှစ်ယောက် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ထွက်ခွာရန် ပြင်ဆင်ခဲ့ကြသည်။ ထိုအချိန်တွင် ဝီလီယံသည် မော်လမြိုင်ရှိ ဗမာ့တပ်မတော် ရေတပ်၌ တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပြီး မော်လမြိုင်မှ ထိုင်နိုင်ငံဘက်သို့ထွက်ခွာရန် မိမိအစီအစဉ်ဖြင့် ၁၉၇၀ မတ်လ တွင်ထွက်ခွာခဲ့ကြသည်။ သို့သော် မော်လမြိုင်မှ ထိုင်းနိုင်ငံဘက်သို့ သွားနိုင်သည့်လမ်းကြောင်း မတွေ့ရှိသဖြင့် ရန်ကုန်သို့ပြန်သွားခဲ့ကြပြီး ဒေါက်တာဇလှေထန်း၊ ဆလိုင်းကိပ်ခိုလျန်၊ ထန်ဇပေါင်တို့နှင့် ထိုင်နိုင်ငံထွက်ခွာရေးအတွက် ပြန်လည်ဆက်သွယ်ခဲ့ကြသည်။ ထန်ဇပေါင်သည် ဇိုမီး(ချင်း)အမျိုးသားတပ်ဦးမှ တော်လှန်ရေးနယ်မြေတွင် လှုပ်ရှားနေပြီးဖြစ်သော Pu Jimmy Thang Khan Suan, Pu Peter Hau Khan Khup, Pu William Kam Za Lian တို့နှင့်သိကျွမ်းခဲ့သူဖြစ်ပြီး တော်လှန်ရေးနယ်မြေသို့ သွားလာရာလမ်းကြောင်းအတွက် ၎င်းမှစီစဉ်ပေးခဲ့သည်။ သူတို့သည် တော်လှန်ရေးနယ်မြေမှ မြန်မာပြည်အတွင်းသို့ မကြာမကြာ လျှို့ဝှက်ဝင်လာခဲ့သူများဖြစ်သည်။ ဤသို့ဖြင့် တစ်နေ့တွင် ထန်းဇပေါင်၊ ဆလိုင်းကိပ်ခိုလျန်၊ ဒေါက်တာဇလှေထန်း၊ မိုက်ကယ်မန်ခမ်း၊ ဦးနိုးဇမ်း (လွှတ်တော်အမတ်ဟောင်း)၊ ခိုင်ဇာနန်၊ ပီတာဟောက်ခန်ခုပ် တို့တွေ့ဆုံပြီး တော်လှန်ရေး နယ်မြေသို့သွားရောက်မည့်အကြောင်း ဆွေးနွေးကြပြီး ဝီလီယံ နှင့် မိုက်ကယ်မန်ခမ်းတို့နှစ်ဦးအား ပီတာဟောက်ခန်ခုပ်မှ ထိုင်းနို်င်ငံသို့ ခေါ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုအစည်းအဝေးအကြောင်းကို အစည်းအဝေးတက်ရောက်ခဲ့သည့် ဆလိုင်းကိပ်ခိုလျန် (Salai Kipp) မှ အောက်ပါအတိုင်း ပြန်လည်ပြောကြားခဲ့သည်။ “နေဝင်းအာဏာသိမ်းပြီးတဲ့နောက်ပိုင်း တက္ကသိုလ်ကျောင်းသားတွေက နည်းမျိုးစုံသုံးပြီး လျွှို့ဝှက်လှုပ်ရှားကြတယ်။ ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ်မှာ ၁၉၆၈ မှာ ဗိသုကာပညာရပ် ပထမနှစ် စတက်တယ်။ အဲဒီနှစ်မှာဘဲ ဗိုလ်ချုပ်နေဝင်းက သုံးဆယ်သုံးဦးအကြံပေးအဖွဲ့ကိုဖွဲ့ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အသစ်ရေးဆွဲပြဌာန်းမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ပြည်သူများအနေဖြင့် တဦးတယောက်ခြင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အမြင်သဘောထားများ တင်သွင်းနိုင်ကြောင်း ကြေငြာခဲ့တယ်။ အဲဒီတော့ ဥပဒေကျောင်းသား ဦးလျန်အုပ်တို့ ဦးဆောင်ပြီး ဒီမိုကရေစီအရေး၊ ဖက်ဒရယ်လ်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်အဆင့် တိုးမြှင့်ပေးရေး အစရှိတဲ့ အချက်တွေ ပါဝင်တဲ့ စာတမ်းကို “ချင်းလူငယ်များအကြံပေးတင်ပြချက်” အဖြစ်တင်သွင်းဖို့ ကျွန်တော်တို့ ကျောင်းသားတွေ လက်မှတ်ထိုးပြီး တင်သွင်းခဲ့တယ်။ 

တစ်ကယ်လို့ အဲဒါမရခဲ့ရင် လက်နက်ကိုင်တိုက်ပွဲဝင်ဖို့အထိ ကျွန်တော်တို့ လျွှို့ဝှက်ဆွေးနွေးခဲ့တယ်။ ကျွန်တော့ဆွေမျိုးတွေဖြစ်တဲ့ Pu Jimmy Thang Khan Suan, Pu Peter Hau Khan Khup, Pu William Kam Za Lian တို့ဆိုရင်လည်း ၁၉၆၃ ကတည်းက တော်လှန်ရေးနယ်မြေရောက်ပြီးတော့ မြန်မာပြည်ကို မကြာမကြာ လျှို့ဝှက်ဝင်လာပြီးတော့ ကျွန်တော်တို့နဲ့ အမြဲဆက်သွယ်တယ်။ အဆက်သွယ်ရှိတယ်။ အဲဒီမှာ တော်လှန်ရေးအတွက် ကျွန်တော်တို့ (Pu Lian Uk, Pu Thang Za Pau, Pu Jimmy Thang Khan Suan, Peter Hau Khan Khup, Pu William Kam Za Lian) ချင်းအမျိုးသားကောင်စီ ကို အစမ်းသဘောဖွဲ့ဖို့ဆွေးနွေးခဲ့ကြတယ်။ နောက်ပြီးတော့ တော်လှန်ရေးလုပ်လို့ရှိရင် ချင်းပြည်မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း စတဲ့နေရာတွေမှာ ဘယ်သူက တာဝန်ယူမယ်ဆိုတဲ့အကြောင်းတွေ အကြမ်းဖျင်း ဆွေးနွေးကြတယ်။ ဒါပေမယ့်ဒါတွေဟာ ဆွေးနွေးတဲ့အဆင့်ဘဲ ရှိတာပါ။ တစ်ကယ်တမ်းအကောင်အထည် မဖော်ဖြစ်ခဲ့ပါဘူး။ ချင်းအမျိုးသားကောင်စီ လည်းမဖွဲ့ဖြစ်ခဲ့ဘူး။ ပေါ်လစီတွေ လမ်းစဉ်တွေ ဆွေးနွေးတာမျိုးလည်းမရှိခဲ့ဘူး။ အဲဒီကာလ ဦးလျန်အုပ်နဲ့ ကျွန်တော်တို့ လူတစ်စု နာမည်စာရင်းစီပြီးတော့ အဖွဲ့စည်းပုံစံမျိုး ခြုံပြီးရေးတာလောက်ဘဲ ရှိတယ်။ ကျွန်တော်တို့ ဘာကြေငြာချက်မှလည်း မထုတ်ပြန်ခဲ့ဘူး။ နောက်ပြီးတော့ ဦးနုတော်လှန်ရေးစတင်တဲ့အချိန်မှာ ကျွန်တော်တို့ချင်းတွေဘက်က သွားရောက်ပူးပေါင်းခြင်တဲ့ သူတွေရှိတယ်ဆိုတာ ထန်းဇပေါင်ကနေတစ်ဆင့် ကျွန်တော်တို့ သိခဲ့ရတယ်။ သွားမယ့်သူတွေအတွက် လမ်းကြောင်းတွေ စီစဉ်ပေးဖို့ ထန်ဇပေါင်က စီစဉ်တယ်။

 သွားချင်တဲ့သူတွေကို ကျွန်တော်တို့က ကူညီတာပါ။ ဘာဖြစ်လို့ဘဲဆိုတော့ ကျွန်တော်တို့ဘက်က သွားမယ့်လမ်းကြောင်းတွေသိတဲ့ အသိတွေရှိတယ်။ ကျွန်တော်တို့က အဖွဲ့အစည်းနာမည်နဲ့ စနစ်တကျလူစုပြီး ပို့တာမျိုးမဟုတ်ဘူး။ ၁၉၇၀ မတ်လလောက်မှာ ထန်ဇပေါင်းကနေ လဘ္ကရည်ဆိုင်မှာ လှိျု့ဝှက်အစည်းအဝေးခေါ်တယ်။ အဲဒီအစည်းအဝေးမှာ ဝီလီယံဆာလျန်ဇမ်း နှင့် ပထမဆုံးအကြိမ်စတွေ့ခဲ့တာ။ သူ့ကိုစတွေ့တာနဲ့ အလေးအနက် သံဓိဌာန်မျိုးကိုပိုင်ဆိုင်တဲ့ နိုင်ငံရေးသမားတစ်ဦးလို့ စိတ်ထဲမှာခံစားမိတယ်။ စကားပြောတာကအစ အမူအရာ တည်တည်ကြည်ကြည်ရှိတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မယ်လို့ တွေးထားမိတယ်။ သူနဲ့သွားဖို့ မန်ခမ်းလည်း ပါလာတယ်။ အဲဒီမှာ ဝီလီယံဆာလျန်ဇမ်း နဲ့ မိုက်ကယ်မန်ခမ်းတို့ ထိုင်းသွားမယ့်အကြောင်း ဆွေးနွေးကြပြီးတော့ သူတို့နှစ်ဦးကို ဟောက်ဇာကျင်ကနေ ခေါ်သွားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီအစည်းအဝေးမှာ ကျွန်တော် ဝီလီယံဆာလျန်ဇမ်းကို ပထမဆုံးအကြိမ် နှင့် နောက်ဆုံးအကြိမ်အဖြစ် မြင်တွေ့ရတယ်”။

အဲဒီအစည်းအဝေးပြီး နောက်တစ်နေ့တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာရန်ပြင်ဆင်ခဲ့ကြသည်။ ထိုအဖြစ်ပျက်ကို ဒေါက်တာဇလှေထန်းမှ ပြန်လည်ပြောကြားရာတွင် “ဝီလီယံဆာလျန်ဇမ်းတို့ မထွက်ခွာခင်ညမှာ ကျွန်တော်နေတဲ့ လမ်းမတော်ရပ်ကွပ်မှာရှိတဲ့ ဆေးတက္ကသိုလ်အဆောင်မှာ ကျွန်တော့အခန်းမှာဘဲ သူတို့တည်းခဲ့တယ်။ နောက်နေ့မနက် အာရုဏ်ဦးမှာ ဟောက်ဇာကျင် (ပီတာဟောက်ခန်ခုပ်) ကသူတို့ကိုလာခေါ်တယ်။ သူတို့ရန်ကုန်ဘူတာကြီး ကနေ တောင်ငူဘက်ကို ထွက်ခွာသွားကြတယ်. အဲဒီနောက်ပိုင်း သူတို့ထိုင်းနိုင်ငံရောက်မှ ဘဲလျွှို့ဝှက်ဆက်သွယ်ကြတယ်။ ကျွန်တော်ကလည်း ပြည်တွင်းကနေ တတ်နိုင်သလောက် သူတို့တော်လှန်ရေး အောင်မြင်ဖို့အတွက် ကူညီတယ်” ဟုပြောကြားခဲ့သည်။ ဝီလီယံဆာလျန်ဇမ်း၊ မိုက်ကယ်မန်ခမ်း တို့ကို ဟောက်ဇာကျင် (ပီတာဟောက်ခန်ခုပ်) မှ လမ်းပြခေါ်ဆောင်သွားခဲ့ပြီး သူတို့သည် တောင်ငူသို့ ၁၉၇၀ မတ်လ ကုန်တွင် ထွက်ခွာခဲ့ကြရာ တောင်ငူမှတစ်ဆင့် ခြေကျင်ဖြင့်ခရီးဆက်ကြပြီး လွတ်မြောက်နယ်မြေသို့ ရောက်ရှိခဲ့ကြသည်။ 

လွတ်မြောက်နယ်မြေသည် တောင်ငူမှ အလှမ်းမဝေးသောနေရာတွင် ဖြစ်သည်။ ဆလိုင်းကိပ်က “လွတ်မြောက်နယ်မြေဆိုတာ တောင်ငူကနေ နည်းနည်းခရီးဆက်တာနဲ့ ချက်ချင်းရောက်တယ်” ဟုပြောခဲ့သည်။ ထိုမှတစ်ဆင့် ခရီးဆက်ကြပြီး Karen National United Party (KNUP) ဌာနချုပ် သိို့ု့ရောက်ရှိခဲ့ကြသည်။ KNUP သည် ၁၉၅၃ ခုနှစ်တွင် မိခင်ကရင်အမျိုးသားအစည်းအရုံး (KNU) မှခွဲထွက်ခဲ့ပြီး လက်ဝဲဝါဒ ခံယူသည့်ပါတီဖြစ်သည်။ ထိုမှတစ်ဆင့် KNUP တပ်သားများမှ လမ်းပြပေးခဲ့ပြီး သံလွင်မြစ်တစ်ဖက်ကမ်းရှိ KNU နယ်မြေကုန်သွယ်ရေးစခန်း စောထာသို့ ရောက်ရှိခဲ့ကြသည်။ ထိုမှတစ်ဆင့် KNU ဌာနချုပ်သို့ ရောက်ရှိခဲ့ကြသည်။ KNU ဌာနချုပ်တွင် ဇိုမီး (ချင်း) အမျိုးသားတပ်ဦးမှ Pu Jimmy Thang Khan Suan (Pu Thang Za Dal) နှင့် တွေ့ဆုံခဲ့ကြပြီးနောက် Pu Peter Hau Khan Khup (Pu Hau Za Cin) သည် Pu Jimmy Thang Khan Suan နှင့်လိုက်သွားခဲ့ပြီး ဝီလီယံနှင့် မိုက်ကယ်မန်းခမ်းတို့သည် ဘန်ကောက်ဘက်သို့ ဆက်လက်ခရီးဆက်ခဲ့ကြသည်။ ဝီလီယံ နှင့် မိုက်ကယ်မန်းခမ်းတို့နှစ်ဦး KNU စစ်ဗိုလ်တို့မှ ဦးနုတို့ထံသို့ အရောက်ပို့ပေးရန် အကူအညီပေးခဲ့သည်။ KNU နယ်မြေမှ သံလွင်မြစ်အတိုင်း စုန်ဆင်းခဲ့ကြပြီး ထိုင်းနိုင်ငံအတွင်းရှိ ထိုင်း၊မြန်မာနယ်စပ် မဲစာရင်း (Maesariang) မြို့သို့ရောက်ရှိခဲ့ကြသည်။ ထိုမှတစ်ဆင့် ကားဖြင့် ချင်းမိုင်း (Chiangmai)၊ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ကြသည်။ ဘန်ကောက်မြို့သို့ ရောက်ရှိပြီးနောက် ဦးနုတို့၏ ပါလီမာန်ဒီမိုကရေစီ ရုံးသို့သတင်းပို့ခဲ့ကြသည်။ ရုံးချုပ်မှ တာဝန်ရှိသူများကလည်း ချက်ချင်းပင် ထိုင်းနိုင်ငံသို့ ဦးနုနှင့်အတူ တော်လှန်ရေးအတွက် ရောက်ရှိလာပြီးဖြစ်သော ချင်းလွှတ်တော်အမတ်ဟောင်း ဦးမန်တလင်း (Pu Mang Tling) အားခေါ်ယူတွေ့ဆုံပေးခဲ့သည်။ ဦးမန်တလင်းသည်လည်း ချက်ချင်းပင်ရောက်ရှိလာပြီး ၎င်းတို့အား ဝမ်းသာအားရ ကြိုဆိုနှုတ်ဆက်ခဲ့သည်။

ဦးမန်တလင်းနှင့်အဖွဲ့ တော်လှန်ရေးနယ်မြေသို့ ထွက်ခွာခြင်း 

ဦးမန်တလင်းသည် ချင်းပြည်နယ်မတူပီမြို့နယ် ကိုယ်စားပြု လွတ်တော်အမတ်ဟောင်းဖြစ်သည်။ သူသည် ၁၉၅၆ ရွေးကောက်ပွဲတွင် မတူပီမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံရသူဖြစ်သည်။ ၁၉၅၈ ခုနှစ် ဖ.ဆ.ပ.လ အကွဲအပြဲကာလအတွင်း ဦးနုအား အယုံကြည်ရှိ၊မရှိ မဲပေးရာတွင်လည်း ဦးနုဘက်မှ ရပ်တည်ခဲ့သူဖြစ်သည်။ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ဦးနု၏ သန့်ရှင်း ဖ.ဆ.ပ.လ ဘက်မှ ယှဉ်ပြိုင်ပြီး ပြည်သူ့လွှတ်တော်အမတ်အဖြစ် ထပ်မံရွေးကောက်ခြင်း ခံခဲ့ရသူဖြစ်သည်။ သူသည် ဦးနုကို အလွန်လေးစားယုံကြည်သူဖြစ်ပြီး သူ့နိုင်ငံရေးသက်တမ်းတစ်လျှောက် ဦးနုဘက်မှ မားမားမတ်မတ် ရပ်တည်ခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပိုက်ပြီးနောက် ရန်ကုန်မြို့ရှိ ကျမ်းစာကျောင်း (Burma Divinity School) တွင် ၁၉၆၃ မှ ၁၉၆၇ အထိ သင်ကြားတက်ရောက်ခဲ့ပြီးနောက်၊ မတူပီနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူတာဝန်ထမ်းဆောင်နေသည့်အချိန်တွင် ဦးနု၏ တော်လှန်ရေးအကြောင်း ရေဒီယိုမှတစ်ဆင့် နားထောင်ကြားသိခဲ့ပြီးနောက် ချင်းပြည်သူတို့မှ ဆင်းရဲ့ဒုက္ခခံစားနေရသည့်အဖြစ်မှ လွတ်မြောက်နိုင်ရန်အတွက် ဦးနု၏တော်လှန်ရေးတွင် သွားရောက်ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည်။ ဦးမန်တလိန်းသည် မတူပီမှ လျန်ထန်း (Pu Lian Thang) နှင့် ပေါလ်ရဲအောင် (Pu Paul Ye Aung) တို့လူငယ်နှစ်ဦးအား တော်လှန်ရေးတွင် ပါဝင်ရန် စည်းရုံးသိမ်းသွင်းခဲ့သည်။ လျန်ထန်းသည် ထိုအချိန်တွင် ဒသမတန်း တက်ရောက်နေချိန်ဖြစ်ပြီး ပေါလ်ရဲအောင်သည် အဌမတန်းတက်ရောက်နေသည့် အချိန်ဖြစ်သည်။ သူတို့သည် အသက်ငယ်ရွယ်သေးသော်လည်း တိုင်းပြည်အတွက် တော်လှန်ရေးခရီးစဉ်တွင် ဦးမန်တလိန်းနှင့်အတူ ထိုင်းနိုင်ငံသို့ ထွက်ခွာရန် သဘောတူခဲ့ကြသည်။

သူတို့သုံးဦးသည် မတူပီမှ ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထွက်ခွာခဲ့ကြသည်။ မတူပီမှတစ်ဆင့် - မင်းတပ် - ကျောက်ထု သို့ခြေကျင်ဖြင့် ခရီးဆက်ခဲ့ကြရပြီး ကျောက်ထုမြို့တွင် နှစ်ညအိပ်ခဲ့ကြသည်။ ကျောက်ထုမှ မန္တလေးသို့ လေယာဉ်စီးခဲ့ကြပြီးနောက် တောင်ကြီးသို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။ တောင်ကြီးမှ လွိုင်လင်အထွက် ဂိတ်တစ်ခုတွင် အဖမ်းခံခဲ့ကြသည်။ သူတို့အဖမ်းခံရသည့်အချိန်သည် ညနေ ၃ နာရီခန့်ဖြစ်ပြီး စစ်ဆေးရေးတာဝန်ခံရဲအရာရှိမှ နောက်နေ့တွင် စခန်းသို့လာရောက်ရန် နှင့် ထိုညတွင်မူ ညအိပ်မည့်နေရာအား ၎င်းတို့ဘာ၎င်းတို့ ရှာဖွေရန်ပြောကြားခဲ့သည်။ သူတို့ထွက်ပြေးနိုင်ရန်အတွက် ရွာသားများထံတွင် အကူညီတောင်းခံခဲ့ရာ ရွာသားတစ်ဦးမှ ရှမ်းပြည်တပ်မတော် (Shan State Army) စခန်းရှိရာဘက်ကို သွားရန် လမ်းညွှန်ခဲ့သည်။ 

သူတို့သည်လည်း ချက်ချင်းပင် ခြေကျင်ဖြင့် ထွက်ခွာခဲ့ကြသည်။ ည ၉ နာရီခန့်အချိန်တွင် တစ်ထောက်နားပြီး သူတို့ထံတွင်ပါသည့် ပေါင်မုန့်ကို စားခဲ့ကြပြီး တောထဲတွင် ညအိပ်ခဲ့ကြသည်။ နောက်တစ်နေ့တွင် ခြေကျင်ဖြင့် ဆက်လက်ထွက်ခွာကြပြီး ရွာတစ်ရွာသို့ရောက်ရှိခဲ့ကြရာ ရွာသူကြီးထံတွင် အကူအညီတောင်းခံခဲ့ကြသည်။ ဦးမန်တလင်းမှ သူသည် ပါလီမာန်အမတ်ဖြစ်ကြောင်း၊ ဦးနု၏တော်လှန်ရေးသို့ သွားရောက်ပူးပေါင်းပြီး ဗိုလ်ချုပ်နေဝင်းဦးစီးသည့် တော်လှန်ရေးအစိုးရအား တော်လှန်မည်ဖြစ်ကြောင်း စသဖြင့် ရှင်းပြပြီးနောက် ရွာသူကြီးမှ ရွာသားတစ်ယောက်အား လမ်းပြအဖြစ်လိုက်ပါစေခဲ့ပြီး ရှမ်းပြည်တပ်မတော်ရှိရာစခန်း သို့ထွက်ခွာခဲ့ကြသည်။ ၎င်းတို့ငါးရက်လမ်းလျောက်ပြီးမှ ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၉ နာရီးတွင် ရှမ်းပြည်တပ်မတော်စခန်း သို့ရောက်ရှိခဲ့ကြသည်။ ၁၉၆၉ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်သော ခရစ်စမတ်အား ရှမ်းတပ်ဖွဲ့ ဌာနချုပ်စခန်းတွင် ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြပြီးနောက် ဒီဇင်ဘာလ ၂၇ ရကိနေ့တွင် ရှမ်းတပ် အရာရှိများမှ ၎င်းတို့အား ထိုင်းဘတ်ငွေ ၃၀၀ နှင့် လမ်းပြတစ်ယောက်ကို ထည့်ပေးခဲ့ပြီး ချင်းရိုင် (Chiangrai) ဘက်သို့ထွက်ခွာခဲ့ကြသည်။ နောက်တစ်နေ့တွင် ချင်းရိုင်သို့ရောက်ရှိခဲ့ကြပြီး ထိုမှတစ်ဆင့် ဘတ်စ်ကားဖြင့် ချင်းမိုင် (Chiangmai) သို့၊ ထိုမှတစ်ဆင့် ဘန်ကောက် (Bangkok) မြို့သို့ ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရောက်ရှိခဲ့ကြသည်။ ဝီလီယံဆာလျန်ဇမ်း တို့ထက် ၃ လကျော် စောပြီး ကြိုရောက်ခဲ့ကြသည်။ 

ဦးမန်တလင်းတို့ ဘန်ကောက်ရောက်ရှိပြီးနောက် ဦးနုနှင့်တွေ့ဆုံပြီး သူတို့သုံးဦးသည်လည်း PDP သို့ ဇန်နဝါရီလ ၅ ရက် ၁၉၇၀ တွင် ဝင်ရောက်ပူးပေါင်းခဲ့သည်။ ဦးမန်တလင်းသည်လည်း PDP တွင် ကော်မတီအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ဦးမန်တလင်းသည် ဘန်ကောက်မြို့တွင် ဦးနုတို့နှင့် PDP ရုံးချုပ်တွင် ကျန်ရစ်ခဲ့ပြီး လျန်ထန်း (Pu Lian Thang) နှင့် ပေါလ်ရဲအောင် (Pu Paul Ye Aung) တို့နှစ်ဦးသည် ၁၉၇၀ ဇနန်ဝါရီလ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်ရန်နိုင် ဦးဆောင်သည့် ပြည်ချစ်တပ်မတော် (တောင်ပိုင်းစစ်ဌာနချုပ်) သို့ သွားရောက်ပူးပေါင်းခဲ့ကာ စစ်ရေး၊ နိုင်ငံရေး၊ မြေပုံ အသုံးပြုနည်း နှင့် မောစ်ကုတ် (Morse Code) သုံးပြီး ကြေးနန်းပို့နည်း သင်တန်းများ တက်ရောက်ခဲ့ကြသည်။ ၁၉၇၀ အောက်တိုဘာလ ၁၈ ရက်နေ့တွင် လျန်ထန်းသည် ပြည်ချစ်တပ်မတော်ဌာနချုပ် (အလယ်ပိုင်းစစ်ဌာနချုပ်) သို့ပြောင်းရွှေ့ခဲ့ကြပြီး၊ ပေါလ်ရဲအောင်သည်လည်း PDP ရုံးချုပ်တွင် ကြေးနန်းဆက်သွယ်ရေးဘက်၌ တာဝန်ထမ်းဆောင်ခဲ့သည်။

ချင်းဒီမိုကရေစီပါတီ (Chin Democracy Party) ဖွဲ့စည်းခြင်း 

ဝီလီယံဆာလျန်ဇမ်း နှင့် မိုက်ကယ်မန်ခမ်း တို့ ဘန်ကောက်သို့ ဧပြီလ ၆ ရက်နေ့ ၁၉၇၀ တွင် ရောက်ရှိခဲ့ကြသည်။ ဦးမန်တလင်းမှ ဦးနုနှင့်မိတ်ဆက်ပေးပြီးနောက် ဝီလီယံဆာလျန်ဇမ်းသည် ဗမာ့တပ်မတော် (ရေတပ်) မှထွက်ခွာပြီး တော်လှန်ရေးအတွက် ရောက်လာကြောင်း ဦးနုမှသိရှိခဲ့ရာ ဦးနုမှာ ဝမ်းသာအားရ ဖြစ်ခဲ့သည်။ ဝီလီယံဆာလျန်ဇမ်းအား တပ်သားများ လေ့ကျင့်ပေးရန်အတွက် တာဝန်ပေးခဲ့ကြပြီး ဗိုလ်ချုပ်သွင် ဦးစီးသည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် အသစ်စုဆောင်းထားသော တပ်သားများအား စစ်ရေးလေ့ကျင့်ပေးခဲ့သည်။ တော်လှန်ရေးနယ်မြေရောက် ချင်းအမျိုးသားများ သီးသန့်လှုပ်ရှားနိုင်ရန် နှင့် National United Liberation Front (NULF) မဟာမိတ်ထဲတွင် ပါဝင်နိုင်ရန်အတွက် ချင်းပါတီတည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဦးမန်တလင်း၊ ဝီလီယံဆာလျန်ဇမ်း နှင့် မိုက်ကယ်မန်ခမ်း တို့သုံးဦးသည် ဘန်ကောက်မြို့ရှိ ဆူခုမ်ဗစ်လမ်းတွင် ဇူလိုင်လ ၂ ရက်နေ့ ၁၉၇၀ ခုနှစ်၌ ချင်းဒီမိုကရေစီပါတီ (Chin Democracy Party) ကိုဖွဲ့စည်းကြပြီး ဥက္ကဌအဖြစ် ဦးမန်တလင်း (Pu Mang Tling)၊ ဒု- ဥက္ကဌအဖြစ် ဦးမန်ခမ်း (Pu Mang Kham) နှင့် အတွင်းရေးမှူးအဖြစ် ဝီလီယံဆာလျန်ဇမ်း (Pu William Sa Lian Zam)၊ တွဲဖက်အတွင်းအရေးမှူးအဖြစ် လျန်ထန်း (Pu Lian Thang) နှင့် ဘဏ္ဍရေးမှူးအဖြစ် ပေါလ်ရဲအောင် (Pu Paul Ye Aung) တို့မှ တာဝန်ယူရန် ဆုံးဖြတ်ခဲ့ကြသည်။ လျန်ထန်း နှင့် ပေါလ်ရဲအောင် တို့သည် ချင်းပါတီဖွဲ့စည်းသည့်အချိန်တွင် ပြည်ချစ်တပ်မတော် (တောင်ပိုင်းစစ်ဌာနချုပ်) တွင်တာဝန် ထမ်းဆောင်နေသည်ဖြစ်၍ ပါတီဖွဲ့စည်းကြောင်းနှင့် သူတို့အား တွဲဖက်အတွင်းအရေးမှူး နှင့် ဘဏ္ဍရေးမှူးတာဝန် ပေးအပ်ကြောင်း သတင်းပေးပို့ခဲ့ကြသည်။ ဤသို့ဖြင့် ချင်းတော်လှန်ရေးသမားများ ချင်းနာမည်ဖြင့် ရပ်တည်နိုင်ခဲ့ကြပြီး မဟာမိတ်အဖွဲ့ဖြစ်သည့် NULF ထဲသို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။ NULF တွင် PDP, KNU, NMSP နှင့် CDP တို့ပါဝင်ကြသည်။ မဟာမိတ်တပ်ဖွဲ့များ၏ အစည်းဝေးများတွင်လည်း ချင်းတော်လှန်ရေးသမားများသည် CDP နာမည်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။ CDP ရပ်တည်လှုပ်ရှားနိုင်ရန်အတွက် ဘဏ္ဍရေးဘက်တွင် နာမည်အရ မဟာမိတ်အဖွဲ့မှ ထောက်ပံ့ပေးသည် ဆိုသော်လည်း လက်တွေ့တွင်မူ ဦးနုခေါင်းဆောင်သည့် ပါလီမာန်ဒီမိုကရေစီပါတီ/ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်မှ ထောက်ပံ့ပေးခြင်းဖြစ်သည်။

၁၉၇၀ နှစ်ကုန်ပိုင်းတွင် အခြား ချင်းအမျိုးသားများထပ်မံ ရောက်ရှိလာပြီးနောက် ဖေဖော်ဝါရီ ၂၈ ရက်နေ့ ၁၉၇၁ တွင် CDP အား အားပြန်လည် ဖွဲ့စည်းခဲ့ကြသည်။ အသစ်ပြန်လည် ဖွဲ့စည်းသည့် CDP တွင် ထိပ်ပိုင်းတာဝန် ရှိသူများမှာ အောက်ပါအတိုင်းဖြစ်သည်။

- ဥက္ကဌ ဦးမန်တလင်း (Pu Mang Tling) 

- ဒု- ဥက္ကဌ ဝီလီယံဆာလျန်ဇမ်း (Pu William Sa Lian Zam) 

- အတွင်းရေးမှူး ပေါလ်ကျာထော (Pu Paul Ca Thaw) 

- ဘဏ္ဍရေးမှူး ဦးဒေးဗစ်ထန် (Pu David Thang)

တို့ဖြစ်ကြသည်။

သို့သော်တစ်လခန့်အကြာတွင် အတွင်းရေးမှူး Pu Paul Ca Thaw တာဝန်မှ နှုတ်ထွက်ပြီးနောက် CDP အား မတ်လ ၂၅ ရက်နေ့ ၁၉၇၁ တွင် ပြန်လည်ဖွဲ့စည်းကြသည်။ အသစ်ပြန်လည် ဖွဲ့စည်းသည့် CDP တွင် ထိပ်ပိုင်းတာဝန် ရှိသူများမှာ အောက်ပါအတိုင်းဖြစ်သည်။


- ဥက္ကဌ ဦးမန်တလင်း


- ဒု- ဥက္ကဌ ဝီလီယံဆာလျန်ဇမ်း

- အတွင်းရေးမှူး ဒေနီယဲလ် ထန်လျန်း [Pu Daniel Thang Lian (၀ါ) Pu Thang Za Pau] 

- လက်ထောက်အတွင်းရေးမှူး လျန်ထန်း (Pu Lian Thang)

- ဘဏ္ဍရေးမှူး ထန်းလှယ်မန်း [Pu Thang Hlei Mang (၀ါ) Pu Michael Mang Kham] 

- လက်ထောက် ဘဏ္ဍရေးမှူး ဦးဒေးဗစ်ထန် (Pu David Thang) 

တို့ဖြစ်ကြသည်။

ချင်းတော်လှန်ရေး စစ်သည်တစ်ချို့ တော်လှန်ရေး နာမည်ခံယူကြရာ Pu Thang Za Pau သည် Pu Daniel Thang Lian အဖြစ်လည်းကောင်း၊ Pu Michael Mang Kham သည် Pu Thang Hlei Mang ဖြစ်လာခဲ့သည်။ ချင်းတော်လှန်ရေးစစ်သည်တော်များသည် ၁၉၇၁ နှစ်ကုန်ဆုံးသည့်အချိန်ထိ ချင်းလက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည့်ခဲ့ခြင်းမရှိခဲ့ချေ။ ၁၉၇၀၊ ၇၁ နှင့် ၇၂ နှစ်လယ်ပိုင်းအထိ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် (PLA) အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ဝီလီယံဆာလျန်ဇမ်းသည်လည်း ဗိုလ်ချုပ်သွင်ခေါင်းဆောင်သည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်တွင် တပ်သားများအား ဆက်လက်သင်တန်းပေးခဲ့သည်။ လျန်ထန်းသည်လည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ကြေးနန်း (Morse) ဘက်တွင်တာဝန်ယူခဲ့သည်။

ချင်းလွတ်မြောက်ရေးတပ်မတော် (Chin Liberation Army) ဖွဲ့စည်းခြင်း 

ပါလီမာန်ဒီမိုကရေစီအောက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော ချင်းတော်လှန်ရေးသမားများသည် ချင်းနာမည်ပါသည့် လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရန် ဆန္ဒရှိခဲ့ကြသည်။ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် ခေါင်းဆောင်များမှလည်း ချင်းတပ်ဖွဲ့စည်းရန် အားပေးခဲ့ကြသည်။ ထိုင်းနိုင်ငံ၊ ထိုင်း၊မြန်မာနယ်စပ် တော်လှန်ရေးနယ်မြေရောက် ချင်းတော်လှန်ရေးသမားများသည် ၁၉၇၂ နှစ်လယ်ပိုင်းမှသာ ချင်းတော်လှန်ရေးတပ်ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ထိုအချိန်မတိုင်မီတွင်မူ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် အောက်တွင်အသီးသီးတာဝန်ထမ်းဆောင်ခဲ့ကြသည်။ ချင်းလက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရန်အတွင် တော်လှန်ရေးနယ်မြေရောက် ချင်းလူမျိုးတို့သည် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်၊ အနောက်မြောက်စစ်ဌာနချုပ် (Patriotic Liberation Army, North West H.Q) တွင်အစည်းအဝေးပြုလုပ်ခဲ့ကြပြီး ချင်းလွတ်မြောက်ရေးတပ်မတော် (Chin Liberation Army) ကိုဖွဲ့စည်းခဲ့ကြသည်။ ချင်းတပ်ဖွဲ့စည်းသည့်အချိန်တွင် ဝီလီယံဆာလျန်ဇမ်းသည် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်တွင် တပ်သား ၁၅၀ တို့အား စစ်ရေးသင်တန်း ပေးနေသည့်အချိန်ဖြစ်သည်။ ဝီလီယံဆာလျန်ဇမ်းသည် သူဦးဆောင်သည့် တော်လှန်ရေးတပ်သား ၁၅၀ တို့အား ချင်းလွတ်မြောက်ရေးတပ်မတော်ထဲသို့ သူနဲ့အတူ လိုက်လာရန် ဖိတ်ခေါ်ခဲ့သည်။ သူ့တပ်သားများမှလည်း ဝီလံယံဆာလျန်ဇမ်းကို ချစ်ခင်အားကိုးခြင်းကြောင့် သူနှင့်အတူ မိမိတို့၏ဆန္ဒအတိုင်း လိုက်လာခဲ့ကြသည်။ ဝီလီယံခေါင်းဆောင်သည့် တော်လှန်ရေးတပ်သား ၁၅၀ ဦးထဲတွင် မြန်မာ၊ ကရင်၊ ကရင်နီ၊ ပါအို့၊ လားဟူ၊ ကချင်၊ ရှမ်း၊ မွန် စသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်ကြသည်။ ချင်းလွတ်မြောက်ရေးတပ်မတော်ထဲတွင် ချင်းလူမျိုးသည် အနည်းငယ်သာပါဝင်ကြပြီး အခြားတိုင်းရင်းသာလူမျိုး အများစုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ချင်းလွတ်မြောက်ရေးတပ်မတော်သည် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်၏ မဟာမိတ်ဖြစ်ပြီး လိုအပ်သည့် စစ်လက်နက်ပစ္စည်းများ၊ အသုံးဆောင်၊ စားစရိတ် အစစအရာရာကို ပြည်ချစ်တပ်မတော်မှ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

မျိုးချစ်စခန်း (Phundawt Camp) 

ချင်းလွတ်မြောက်ရေးတပ်မတော် ဖွဲ့စည်းပြီး နှစ်ရက်အကြာ သြဂုတ်လ ၂၅ ရက်နေ့ ၁၉၇၂ တွင် ချင်းတော်လှန်ရေးသမားများသည် ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်းခေါ်လာသည့် တပ်သား ၁၅၀ တို့နှင့်အတူ ကရင်နီလက်နက်ကိုင်နယ်မြေအတွင်းရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (Karenni National Progressive Party (KNPP) ဌာနချုပ် အနီးတွင် ပြောင်းရွှေခဲ့ကြသည်။ ထိုနေရာတွင် ၁၅ ရက်ကြာ စခန်းအတွက် ပြင်ဆင်မှုများပြုလုပ်ခဲ့ကြပြီး ထိုစခန်းအား ဥက္ကဌ ဦးမန်တလင်းမှ Phundawt Camp (မျိုးချစ်စခန်း) ဟုအမည်ပေးခဲ့သည်။ ချင်းတော်လှန်ရေးစစ်သည်တို့သည် အသစ်ရောက်လာမည့် ချင်းလူမျိုးများအား ဤနေရာတွင် စုစည်းပြီး တော်လှန်ရေးအား ဆက်လုပ်ကြရန် ရည်ရွယ်ကြခြင်းဖြစ်သည်။ ထိုသို့ စခန်းဆောက်လုပ်ပြီးသည့်အချိန်တွင် တပ်တွင်း၌ ရာထူးပေးအပ်ခြင်းများပြုလုပ်ခဲ့သည်။ ချင်းလွတ်မြောက်ရေးတပ်မတော်တွင် ထိပ်ပ်ိုင်းတာဝန်ရှိသူများမှာ အောက်ပါအတိုင်းဖြစ်သည်။

- ဦးမန်တလင်း - စစ်ဦးစီးချုပ် (Chief of Staff) 
- ဗိုလ်မှူး ဝီလီယံ ဆာလျန်ဇမ်း - (Battalion Commander) 
- ဗိုလ်ကြီး ဘမြင့် (Lam Kang) – Medical Officer & Army Trainer (ဆေးမှူး နှင့် သင်တန်းမှူး) 
- ဗိုလ်ကြီး လျန်ထန်း - ကြေးနန်းမှူး (Morse Code) နှင့် H.Q Coy Command (ဌာနချုပ်တပ်ခွဲမှူး) 
- ဗိုလ်ကြီး ထန်းလှယ်မန်း – Quarter Master (စစ်ထောက်ချုပ်) 
- ဗိုလ်ကြီး ဒေနီယဲလ်ထန်လျန်း - တပ်ဖွဲ့သတင်းပြန်ကြားရေးနှင့် မဟာမိတ်ဆက်သွယ်ရေးတာဝန်ခံ 
- ဗိုလ်ကြီး ပေါလ်ရဲအောင် - Company Commander (တပ်ခွဲမှူး) 
- အရာခံဗိုလ် ဝင်းမြင့်ဆန်း - Adjutant (စစ်ရေးချုပ်) 
- အရာခံဗိုလ် ဇော်ဝင်း 
- တပ်ကြပ်ကြီး ရာလ်သုမ် (Sergant Ral Tum) 

တို့ဖြစ်ကြသည်။

ဗိုလ်ကြီးဘမြင့်သည်လည်း ဗမာ့တပ်မတော်မှ တော်လှန်ရေးနယ်မြေသို့ ထွက်ခွာခဲ့သူဖြစ်ပြီး ဗမာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကာလတွင်လည်း ဆေးမှူးအဖြစ်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ချင်းဒီမိုကရေစီပါတီဝင် Pu Paul Ca Thaw, Pu David Thang နှင့် Pu Alfred Sailo တို့သည် ချင်းလွတ်မြောက်ရေးတပ်သို့ ဝင်ရောက်ခြင်းမရှိဘဲ ပါတီတာဝန်ကိုသာ ထမ်းဆောင်ခဲ့ကြသည်။

ချင်းလွတ်မြောက်ရေးတပ်မတော်စစ်ဦးစီးချုပ် ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်း 

ချင်းလွတ်မြောက်ရေးတပ်မတော် ဖွဲ့စည်းပြီး သုံးလခန့်အကြာတွင် ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်းသည် စစ်ဦးစီးချုပ် ဦးမန်တလင်းထံသို့ သူသာလျင်စစ်ဦးစီးချုပ် ဖြစ်သင့်ကြောင်း၊ စစ်ဦးစီးချုပ်ရာထူးအား သူ့ထံသို့ လွှဲပေးရန် တောင်းဆိုခဲ့သည်။ ဦးမန်တလင်းမှလည်း သဘောတူခဲ့ပြီး စစ်ဦးစီးချုပ် ရာထူးကို ဗိုလ်မှူး ဝီလီယံဆာလျန်ဇမ်း ထံသို့ လိုလိုလားလားလွှဲပြောင်းပေးခဲ့ပြီးနောက် ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်း သည် ချင်းလွတ်မြောက်ရေးတပ်မတော်၏ စစ်ဦးစီးချုပ် (Chief of Staff) ဖြစ်လာခဲ့သည်။

ချင်းလွတ်မြောက်ရေးတပ်မတော်သည် KNPP နယ်မြေအတွင်း စခန်းချခဲ့ကြသည်။ KNPP သည် NULF မဟာမိတ်အဖွဲ့တွင် ပါဝင်ခြင်းမရှိခဲ့ချေ။ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် နှင့်လည်း မဟာမိတ်ဖွဲ့ထားခြင်းမရှိခဲ့ချေ။ ထို့ကြောင့် CLA အနေဖြင့် ကရင်နီနယ်မြေအတွင်း လှုပ်ရှားပိုင်ခွင့် မရရှိခဲ့ကြချေ။ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်သည် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ရှေတန်းစခန်းများတွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများဖြစ်ခဲ့ကြပြီး ချင်းလွတ်မြောက်ရေးတပ်မတော် အနေဖြင့်လည်း ပြည်ချစ်တပ်နှင့်အတူ ရှေ့တန်းတွင် စစ်တိုက်ရန် လိုလားကြသည်။ ထို့ကြောင့် ကရင်နီ (ကယား) နယ်မြေအတွင်းမှ ထွက်ခွာပြီး KNU နယ်မြေအတွင်း လှုပ်ရှားနိုင်ရန် စစ်စခန်းပြောင်းရွှေ့ခဲ့ကြသည်။ ချင်းလွတ်မြောက်ရေးတပ်မတော် မျိုးချစ်စခန်းတွင် စခန်းချစဉ် ချင်းတပ်မှ ထွက်ပြေးရန်ကြိုးပမ်းသူ နှင့် အခြားစစ်သားများအား ထွက်ပြေးရန် လှုံ့ဆော်သူ တစ်ဦးအား စစ်ခုံရုံးတင်ပြီး ချင်းလွတ်မြောက်ရေးတပ်မတော်မှ အဆုံးစီရင်ခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

လိုင်မီးစခန်း (Laimi Camp) 

ချင်းတော်လှန်ရေးစစ်သည်တော်တို့သည် မျိုးချစ်စခန်းတွင် လေး-ငါး လကြာ နေထိုင်ခဲ့ပြီးနောက် စခန်းပြောင်းရွှေ့ရန် ပြင်ဆင်ခဲ့ကြသည်။ စခန်းသစ်ကို ထိုင်း၊မြန်မာ နယ်စပ် ထိုင်းနိုင်ငံအတွင်း၌ တည်ဆောက်ခဲ့ကြပြီး ၎င်းစခန်းအား လိုင်မီးစခန်း (Laimi Camp) ဟုနာမည်ပေးထားခဲ့ကြသည်။ လိုင်မီးစခန်းသည် ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း မဲဟောင်ဆောင် (Mae Hong Son) မြို့ အနောက်တောင်ဘက်၊ တောဖီ (Tawphe) ရွာအနီးတွင် တည်ရှိသည်။ ချင်းတော်လှန်ရေးသမားများအားလုံး မျိုးချစ်စခန်း (Phundawt Camp) မှ လိုင်မီးစခန်း (Laimi Camp) သို့ ဇန်နာဝါရီလ ၈ ရက်၊ ၁၉၇၃ တွင် စတင်ပြောင်းရွှေ့ခဲ့ကြပြီး နှစ်ရက်ကြာ ခရီးဆက်ကြပြီးမှ ဇန်နာဝါရီလ ၁၀ ရက်နေ့တွင် လိုင်မီးစခန်းသို့ ရောက်ရှိခဲ့ကြသည်။ လိုင်မီးစခန်းမှတစ်ဆင့် KNU တပ်မဟာ ၇ ရှေ့တန်းစခန်းတွင် ဗမာ့တပ်မတော် နှင့် ရင်ဆိုင်တိုက်ပွဲဝင်ရန် ထွက်ခွာခဲ့ကြသည်။ ချင်းလွတ်မြောက်ရေးတပ်မတော် လိုင်မီးစခန်းသို့ပြောင်းရွှေ့ပြီး ဇန်နာဝါရီလ ၂၉ ရက်နေ့ ၁၉၇၃ တွင် ပြည်ချစ်တပ်မတော်ဌာနချုပ်မှ ကြေးနန်းတစ်စောင် လက်ခံရရှိခဲ့ကြသည်။ ထိုကြေးနန်းထဲတွင် ပါတီဥက္ကဌ ဦးနုသည် သူ့တာဝန်မှ နုတ်ထွက်ပြီးဖြစ်ကြောင်းနှင့် သူ့နေရာတွင် ဗိုလ်ချုပ်ကြီး လက်ျာမှ တာဝန်ယူမည်ဖြစ်ကြောင်း ပါဝင်သည်။ 

ဆက်လက်ဖော်ပြပါမည်။ 

အပိုင်း (၂) တွင် မဟာမိတ်တပ်ပေါင်းစု (National United Liberation Front) အတွင်းအရှုပ်အထွေးများ၊ ချင်းလွတ်မြောက်ရေးတပ်မတော် KNU တပ်မဟာ ၇ ဒေသတွင် ဗဟိုအစိုးရနှင့်တိုက်ပွဲဖြစ်ခဲ့သည့် အကြောင်းများ၊ မဟာမိတ်တပ်ပေါင်းစုပြိုကွဲခြင်း၊ မဟာမိတ်တပ်ပေါင်းစုအတွင်း ချင်းလွတ်မြောက်ရေးတပ်မတော် ရှေ့တန်းမှ ပြန်လည်ဆုတ်ခွာခဲ့သည့်အကြောင်း နှင့် ဗိုလ်ကြီး ဒေနီယဲလ်ထန်လျန်း ကျဆုံးခဲ့ရသည့် အကြောင်းများ ဖော်ပြသွားမည်ဖြစ်သည်။

Major William Sa Lian Zam (ချင်းလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်) နှင့် ချင်းဒီမိုကရေစီပါတီ၊ ချင်းလွတ်မြောက်ရေးတပ်မတော်၏ တော်လှန်ရေးသမိုင်း (အပိုင်း ၃)

ဆလိုင်းဗန်ကျုံးလျန် (ယူကေ) 

ပါလီမာန်ဒီမိုကရေစီပါတီဥက္ကဌ ဦးနုမဟာမိတ်တပ်ပေါင်းစုမှ နုတ်ထွက်ခြင်း 

▲▲▲▲▲▲▲▲▲▲▲▲

ညီညွတ်သောအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု (NULF) သည် PDP, KNU, NMSP တို့နှင့် ဖွဲ့စည်းခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် CDP စတင်ပါဝင်ခဲ့သည်။ လက်နက်ကိုင်တပ်ဖွဲ့ဘက်တွင်လည်း မဟာမိတ်အဖြစ် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် (PLA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) နှင့် ချင်းလွတ်မြောက်ရေးတပ်မတော် (CLA) တို့ပါဝင်ကြသည်။ မဟာမိတ်သက်တမ်းအတွင်း ပြသနာမျိုးစုံနှင့် ရင်ဆိုင်ခဲ့ကြသည်။ အမှန်စင်စစ် ဦးနုတို့အဖွဲ့ နှင့် တိုင်းရင်းသားလက်နက်ကိုင်များ မဟာမိတ်ဖွဲ့နိုင်သည့်အကြောင်းရင်းမှာ မူဝါဒပိုင်းဆိုင်ရာတွင် သဘောတူကြခြင်းကြောင့်မဟုတ်ဘဲ ဦးနု၏အဖွဲ့ ငွေရေးကြေးရေး အင်အားတောင့်တင်းသည့် အတွက်ကြောင့်ပင်ဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့ မဟာမိတ်ဖွဲ့စည်းခဲ့ကြပြီးနောက် ဗမာလူမျိုး ပြည်ချစ်တပ်မတော်မှ တပ်သားများ KNU ရှေ့တန်းစခန်းသို့ ပို့ဆောင်ခဲ့ကြသည့် အချိန်တွင် တစ်ဦးနှင့်အတစ်ဦး အယုံကြည်မရှိခဲ့ကြသဖြင့် ရှေ့တန်းတွင် ပြသနာနှင့် ရင်ဆိုင်ခဲ့ကြရသည်။ KNLA တပ်သားများမှလည်း ၎င်းတို့ သွေး၊ချွေးနှင့်ရင်းပြီးကာကွယ်ခဲ့ရသည့် နယ်မြေများ ပြည်ချစ်တပ်မတော်မှ မြန်မာတပ်သားများထံသို့ လွှဲပေးရမည့် အဖြစ်မျိုးလက်မခံနိုင်ခဲ့ကြချေ။ ထိပ်တန်းခေါင်းဆောင်ဘက်တွင် အယူဝါဒကွဲပြားမှုများကြောင့် မဟာမိတ်အဖြစ်ရပ်တည်ရန် တစ်နေ့ပြီးတစ်နေ့ ခက်ခဲလာခဲ့သည်။ မဟာမိတ်ဖွဲ့စည်းသည့်အချိန်တွင် မဟာမိတ်မူ၊ ပေါ်လစီအရ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန်ဖြစ်သည်။ သို့သော် မွန်ပြည်သစ်ပါတီမှ မွန်ပြည်နယ်တောင်းခံရာတွင် ပါလီမာန်ဒီမိုကရေစီ ခေါင်းဆောင်များဘက်မှ ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။ ဦးနုသည်လည်း တော်လှန်ရေးနယ်မြေ ရှေ့တန်းစခန်းသို့ သွားရောက်ခြင်းမရှိဘဲ ဘန်ကောက်တွင်သာ နေထိုင်ခဲ့သည့်အချက်ကြောင့် ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။ မဟာမိတ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် စစ်ဗိုလ်များသည် ငွေရေးကြေးရေး သုံးဖြုန်းနိုင်ကြပြီး အောက်ခြေစစ်သားများသည် အခက်အခဲမျိုးစုံနှင့် ဆင်းရဲဒုက္ခများ ရင်ဆိုင်ကြရသည့်အဖြစ်ကြောင့် အောက်ခြေစစ်သား နှင့် စစ်ဗိုလ်အရာရှိများအကြား တင်းမာမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် မြန်မာအစိုးရမှလည်း ဦးနုထိုင်းနိုင်ငံအတွင်း နေထိုင်ပြီး မြန်မာအစိုးရအား တော်လှန်ရေးလုပ်သည့်အတွက်ကြောင့် ထိုင်းအစိုးရကို ဖိအားပေးမှုများရှိခဲ့သည်။ 

KNU ဥက္ကဌကြီး ဦးမန်းဘဇံ ခေါင်းဆောင်သည့် ကရင်အမျိုးသားအစည်းအရုံးမှလည်း ဦးနုထံသို့ ဖက်ဒရယ်မူ နှင့် ခွဲထွက်ခွင့်မူ များကို တောင်းဆိုလာကြသည့် အချိန်တွင် ဦးနုဘက်မှ လိုက်လျောမှုမပြုနိုင်ခဲ့ချေ။  မဟာမိတ်ဖွဲ့စည်းသည့်အချိန်တွင် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု (Federal Union Republic) တည်ထောင်ရန် ထိပ်သီးခေါင်းဆောင်များ ဆုံးဖြတ်ခဲ့ကြသော်လည်း ထိုသဘောတူညီချက်အရ  ရှေ့ဆက်ဆောင်ရွက်မည့်မူများအား တော်လှန်ရေးနယ်မြေသို့ ချမှတ်သည့်အချိန်တွင် ပြသာနာများဖြစ်ပေါ်လာခဲ့သည်။ KNU တပ်သားများအနေဖြင့် အကယ်၍ ဖက်ဒရယ်ပြည်ထောင်စုကို လက်ခံပြီးသည့်တိုင်အောင် ၎င်းတို့တိုက်ပွဲဝင်တောင်းဆိုသည့် ကိုယ်ပိုင်အုပ်ချုပ်ရေး (The Right to Self Determination) နှင့် ခွဲထွက်ခွင့် (The Right to Secede) စသည့်အချက်များ လက်လွှတ်ဆုံးရှုံးမည့်အချက်ကို လက်မခံနိုင်ခဲ့ကြချေ။ KNU နှင့် MNLA အတွင်း၌လည်း မကျေနပ်ချက်များ ထွက်ပေါ်လာခဲ့သောကြောင့် မဟာမိတ်မူတွင် ခွဲထွက်ခွင့်အား ဦးနုတို့အဖွဲ့အနေဖြင့် လက်ခံရန် ဖိအားပေးတောင်းဆိုလာခဲ့သည်။ PDP/PLA အနေဖြင့် တော်လှန်ရေးခရီအတွက် တိုင်းရင်းသားတို့၏ တော်လှန်ရေးနယ်မြေသည် အဓိကအချက်ဖြစ်သောကြောင့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့၏ တောင်းဆိုမှုများအား လိုက်လျောရန် ဗိုလ်ချုပ်ကြီးလက်ျာ နှင့် အခြားထိပ်သီးခေါင်းဆောင်များ ဆန္ဒရှိကြသည်။ သို့သော် ဦးနုက KNU အဖွဲ့ တောင်းဆိုသည့် ခွဲထွက်ခွင့်မူကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ KNU နှင့် NMSP တို့မှ ထပ်မံဖိအားပေးရာ မဟာမိတ်အနေဖြင့် ခွဲထွက်ခွင့်မူ (The Right to Secede) အား ၁၉၇၂ ခုနှစ် ဧပြီလ တွင်လက်ခံခဲ့ကြသည်။ ဦးနုသည်လည်း “ခွဲထွက်ချင်တဲ့သူတွေနေခဲ့” ဟုဆိုကာ မဟာမိတ်မှ နုတ်ထွက်ခဲ့သည်။ ထိုစဉ် ထိုင်းအစိုးရအာဏာပိုင်များမှလည်း ထိုင်းနိုင်ငံအတွင်းမှ ထွက်ခွာရန် ဖိအားပေး ပြောကြားခဲ့ကြသဖြင့် ဦးနုသည် ၁၉၇၃ နှစ်ဦးပိုင်းတွင် အမေရိကန်သို့ ခွင့်ကာလရှည်ယူပြီး (Sabbatical) ထွက်ခွာသွားခဲ့ပြီးနောက်တွင် အိနွိယနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ဦးနု ထွက်ခွာသည့်နောက်ပိုင်းတွင် ဗိုလ်လက်ျာ မှ တော်လှန်ရေးအား ခေါင်းဆောင်ခဲ့သည်။ သို့သော် တော်လှန်ရေးအစပြုသူ၊ တော်လှန်ရေး၏ အဓိကကျောရိုးဖြစ်သူ၊ တော်လှန်ရေးအတွက် အဓိကအဖြစ် ငွေရေးကြေးရေး ရှာဖွေသူ ဦးနုနုတ်ထွက်သည့် နောက်ပိုင်းတွင် ညီညွတ်သောအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု (National United Liberation Front) သည်လည်း ပြိုကွဲရေးဘက်သို့ ဦးတည်လာခဲ့သည်။ 


ချင်းလွတ်မြောက်ရေးတပ်မတော်၏ ရှေ့တန်းတိုက်ပွဲများ (၁၉၇၃) 

▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

၁၉၇၃ ခုနှစ် ဇန်နာဝါရီလကုန်တွင် ချင်းလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ကြီးဘမြင့် (Lam Kang) ဦးဆောင်သည့် တပ်သားတစ်ချို့သည် KNU တပ်မဟာ ၇ ဒေသရှိ ရှေတန်းစခန်းတွင် ပထမအသုတ်အဖြစ် ချီတက်ခဲ့ကြသည်။ မဟာမိတ်အတွင်း အခြားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ယှဉ်လျင် ချင်းတပ်ဖွဲ့သည် အင်အားနည်းသောကြောင့် ချင်းတပ်ရှိမှန်းပင် ရှေ့တန်းရောက် စစ်သားများမှ မသိခဲ့ကြပေ။ မေလ ၄ ရက်၊ ၁၉၇၃ တွင် စစ်ဦးစီးချုပ် ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်း နှင့် တပ်အင်အား ၅၀ တို့သည်လည်း ရှေ့တန်းတွင် ချီတက်ခဲ့ကြပြီး ဗိုလ်ကြီးဘမြင့် (Lam Kang) ခေါင်းဆောင်သည့်တပ်ခွဲနှင့် ပူးပေါင်းခဲ့ကြသည်။ ဇူလိုင်လ ၁၀ ရက်နေ့ ၁၉၇၃ နံနက် ၁ နာရီ မှ နံနက် ၉ နာရီအချိန်ထိ ဗိုလ်မှူးဝီလီယံခေါင်းဆောင်သည့် ရှေ့တန်းရောက် ချင်းလွတ်မြောက်ရေးတပ်မတော်သည် ဗဟိုအစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲအကြောင်းကို ဗိုလ်ကြီးလျန်ထန်း (Captain Lian Thang) ၏ မှတ်တမ်းထဲတွင် “ချင်းတပ်ဖွဲ့သည် ဗမာ့တပ်မတော်၊ ခြေလျင်တပ်ရင်း (ခ.လ.ရ) ၁၉ လက်အောက်ခံ အမှတ် (၅၈) တပ်ရင်းနှင့် ၁၉၇၃ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁ နာရီ မှ နံနက် ၉ နာရီအချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဗမာ့တပ်မတော်ဘက်မှ ၃၅ ဦးကျဆုံးပြီး လက်နက် နှင့် အရေးကြီးသည့် စာရွက်စာတမ်းများကို မိမိတို့သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းရောက် ဗိုလ်မှူးဝီလီယံမှ လိုင်မီးစခန်းသို့ ကြေးနန်းပို့လာခဲ့သည်” ဟုတွေ့ရှိနိုင်သည်။ 

ထို့နောက် ဗိုလ်ကြီးလျန်ထန်းပါဝင်သည့် ချင်းတပ်စိတ်သည်လည်း ရှေ့တန်းသို့ ချီတက်ခဲ့ကြပြီး ထိုအချိန်မှ ၁၉၇၄ ဇွန်လ အကြား ဗမာ့တပ်မတော်နှင့် တိုက်ပွဲ ရှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ထိုအကြောင်းကို ဗိုလ်ကြီးလျန်ထန်း၏ မှတ်တမ်းထဲတွင် “ဗိုလ်မှူးဝီလီယံတို့ တိုက်ပွဲပြီးတဲ့နောက်ပိုင်း ချင်းတပ်နာမည်ရလာတယ်။ အဲဒီတိုက်ပွဲအပြီးမှာ ကျွန်တော်တို့အသုတ်တွေ ရှေ့တန်းရောက်လာကြတယ်။ မဟာမိတ်တွေကလည်း ချင်းတပ်ရှိမှန်း သိလာခဲ့ကြတယ်။ မဟာမိတ်တပ်ဖွဲ့တွေ စိတ်လှုပ်ရှားတက်ကြွလာကြပြီး ပဲခူးရိုးမရှေ့တန်းတွင် စခန်းချတဲ့ ဗိုလ်ဖိုးမြ နှင့် ဗိုလ်မေရီအုန်း နှင့် ပြည်ချစ်တပ်မတော်မှ ဗိုလ်မှူးအောင်မြင့် တို့ဦးဆောင်တဲ့တပ်ဖွဲ့တွေနဲ့ ပူးတွဲ စစ်ဆင်ရေး ဆင်နွှဲခဲ့ကြတယ်။ ကျွန်တော်ရှေ့တန်းရောက်ပြီးတဲ့ နောက်ပိုင်း ကျွန်တော်တို့ KNU နယ်မြေကနေ မဆုတ်ခွာမီအချိန် (၁၉၇၄ ဇွန်လ) အထိဗမာ့တပ်မတော်နှင့် တိုက်ပွဲရှစ်ကြိမ်ဖြစ်ပွားခဲ့တယ်။ ဗိုလ်မှူးဝီလီယံတို့ တိုက်တဲ့ တိုက်ပွဲနဲ့ဆိုရင် ချင်းလွတ်မြောက်ရေးတပ်မတော်နဲ့ ဗမာ့တပ်မတော်တိုက်တာ ကိုးကြိမ်ရှိတာပေါ့။ မဟာမိတ်ဘက် ဗိုလ်ဖိုးမြ နှင့် ဗိုလ်မေရီအုန်း နှင့် ပြည်ချစ်တပ်မတော်မှ ဗိုလ်မှူးအောင်မြင့် တို့တပ်ဖွဲ့ထဲမှာတော့ ကျဆုံးတဲ့သူတွေများတယ်။ ကျွန်တော်တို့ ချင်းလွတ်မြောက်ရေးတပ်မတော်ထဲမှာတော့ ဗိုလ်ကြီးတစ်ယောက်နဲ့ တပ်ကြပ်ကြီးတစ်ယောက်ဘဲ ဒဏ်ရာရတယ်” ဟုတွေ့ရှိနိုင်သည်။  


ချင်းလွတ်မြောက်ရေးတပ်မတော် ရှေ့တန်း (KNU တပ်မဟာ ၇ နယ်မြေ) မှ ဆုတ်ခွာခြင်း 

▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

PDP/PLA/UNLC မှ ဦးနု နှုတ်ထွက်ခဲ့သည့်နောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုအတွင်း၌ ပြသနာမျိုးစုံ ပေါ်ပေါက်လာခဲ့သည်။ ဦးနုကို အားကိုးပြီး တော်လှန်ရေးထဲသို့ လိုက်လာခဲ့ကြသည့်သူများ ဦးနုမရှိတော့သည့်အခါ တော်လှန်ရေး အောင်မြင်နိုင်မှု ရှိနိုင်မည်မဟုတ်သည်ကို သိရှိကြပြီး တပ်မှ ထွက်ပြေးသူများ တစ်နေ့ပြီးတစ်နေ့ များပြားလာခဲ့သည်။ ချင်းလွတ်မြောက်ရေးတပ်မတော် အတွင်း၌လည်း တပ်မှ ထွက်ပြေးသူများ၊ ချင်းတပ်မှ အခြားတပ်သို့ ပြောင်းရွှေ့သူများကြောင့် ၁၉၇၃ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ တပ်အင်အား ၁၅၀ ကျော်မှ ၁၀၀ ဝန်းကျင်သာ ကျန်ရစ်ခဲ့သည်။ ချင်းလူမျိုးထဲမှာလည်း ချင်းဒီမိုကရေစီပါတီဝင်များဖြစ်ကြသော Pu David Thang နှင့် Pu No Kap Thang တို့သည်လည်း ပါတီမှ နှုတ်ထွက်သွားကြသည်။ ဦးမန်တလင်း (Pu Mang Tling) နှင့် ဗိုလ်ကြီးလျန်ထန်းတို့ နှင့်အတူ မတူပီမှထွက်လာခဲ့သည့် ဗိုလ်ကြီးပေါလ်ရဲအောင် (Captain Paul Ye Aung aka Paul Khei Chai) သည်လည်း ချင်းတပ်မှ ၁၉၇၃ နှစ်ကုန်ပိုင်းတွင် နှုတ်ထွက်ခဲ့ပြီး မြန်မာပြည်ကာ အလင်းဝင်ခဲ့သည်။ ချင်းလွတ်မြောက်ရေးတပ်မတော်သည် ရှေ့တန်းတွင် ၁၉၇၄ နှစ်လယ်ပိုင်းအထိ တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ၁၉၇၄ ဇွန်လ ၁၄ ရက်နေ့တွင် KNLA ခေါင်းဆောင် ဗိုလ်ချုပ်မြထံမှ ချင်းတပ်သို့ ကြေးနန်းတစ်စောင်ရောက်ရှိလာခဲ့ပြီး ဗိုလ်ချုပ်မြမှ ချင်းတပ်အား ဗိုလ်မှူးကြီး ကလက်စတုန်း (Colonel Glad Stone) ဦးဆောင်သည့် စစ်ကြောင်းနှင့် ပူးပေါင်းပြီး ရှေ့တန်းတွင် စစ်ဆင်ရေး ဆောင်ရွက်ရန်ဖြစ်သည်။ သို့သော်လည်း KNU နှင့် PDP/PLA အကြား ဆက်ဆံရေးပျက်ပြားခဲ့ပြီး KNU မှ ပြည်ချစ်တပ်နှင့်မဟာမိတ်များ KNU နယ်မြေမှ အမြန်ဆုံး ထွက်ခွာရန် ရာဇသံပေးပို့ခဲ့သည်။ KNU/KNLA ခေါင်းဆောင် ဗိုလ်ချုပ်မြမှ ချင်းတပ်စစ်ဦးစီးချုပ် ဗိုလ်မှူးဝီလီယံထံသို့ ချင်းလွတ်မြောက်ရေးတပ်မတော် KNU နယ်မြေမှ အမြန်ဆုံးထွက်ခွာရန် ဇွန်လ ၁၄ ရက်နေ့ ၁၉၇၄ တွင်ကြေးနန်းပို့ခဲ့ခြင်းကြောင့် ချင်းတပ်ဖွဲ့မှာ အလွန်အံ့အားသင့်ခဲ့ရသည်။ ရှေ့တန်းရောက် ချင်းလွတ်မြောက်ရေးတပ်မတော်သည်လည်း အလျင်အမြန် ကမန်းကတန်း KNU နယ်မြေမှ ထွက်ခွာခဲ့ကြရသည်။ ၎င်းတို့၏ လက်နက်၊ ကျည်ဆန်၊ ကိရိယာအားလုံး သယ်ဆောင်ခဲ့ကြသည်။ လက်နက်များကို ဆင်ခြောက်ကောင် ဖြင့်သယ်ဆောင်ခဲ့ကြသည်။ သို့သော်လည်း လက်နက်များအားလုံး မသယ်ဆောင်နိုင်ခဲ့သည့်အတွက်ကြောင့် စောမူပလော ရွာသူကြီးထံတွင် HK (33) ရိုင်ဖယလ် ၃၂ လက်နှင့် ကျည်ဆန် ၅၀၀၀ တို့အား ချန်ထားခဲ့ကြသည်။ ထိုမှတဆင့် လိုင်မီးစခန်းဘက်သို့ ဆုတ်ခွာခဲ့ကြရပြီး KNU နယ်စပ်စခန်း စောထာသို့ရောက်ရှိသည့်အချိန်တွင် HK (33) ရိုင်ဖယ်လ် ကျဉ်ဆန် (၄,၀၀၀) ချန်ထားခဲ့ကြပြန်သည်။ ချင်းတပ်ဖွဲ့သည် ဇွန်လ ၂၈ ရက်နေ့ ၁၉၇၄ ခုနှစ်တွင် လိုင်မီးစခန်းသို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ 

၁၉၇၄ တွင်ကျင်းပသည့် KNU ကိုးကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် KNU သည် မဟာမိတ် UNLC မှထွက်ခွာကြောင်း ကြေငြာပြီး UNLC သည်လည်း ပြိုကွဲသွားခဲ့သည်။ ၁၉၇၄ ဇူလိုင်လ ၃၁ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးလက်ျာ ထံမှ လိုင်မီးစခန်းသို့ ကြေးနန်းတစ်စောင် ရောက်ရှိခဲ့သည်။ ထိုကြေးနန်းထဲတွင် ချင်းတပ်ကို ပြည်ချစ်တပ်မတော်မှ ထောက်ပံ့ပေးတော့မည် မဟုတ်ကြောင်း အကြောင်းကြားသည့် ကြေးနန်းဖြစ်သည်။ ထိုနေ့တွင်ပင် ဗိုလ်မှူးဝီလီယံ တပ်သားများထဲမှ တပ်သား ၁၅ ဦး (HK33 ရုင်ဖယ်လ် ၁၅ လက် နှင့် ကျည်ဆန် ၅၀၀ နှင့် M79 ၃ လက်အပါအဝင်) တို့သည် ပြည်ချစ်တပ်မတော်မှ ဗိုလ်ချုပ်ကြီးလက်ျာ၏ သမက်ဖြစ်သူ ကရင်လူမျိုး ဗိုလ်မှူးဒေါက်တာမန်းမြင့်ဆိုင်ထံသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ထို ၁၅ ဦးထဲတွင် အရာခံဗိုလ်ဝင်းမြင့်ဆန်း နှင့် ဇော်ဝင်းတို့လည်း ပါဝင်သည်။ ဗိုလ်ကြီးဝင်းမြင့်ဆန်းသည် နောက်ပိုင်းတွင် လာဟူလက်နက်ကိုင်တပ်ဖွဲ့သို့ ပြောင်းရွှေ့ခဲ့သည်။ ဗိုလ်မှူးဝီလီယံနှင့်အတူ ထိုင်းနိုင်ငံကို ရောက်လာသည့် ဗိုလ်ကြီးထန်းလှယ်မန်း (မိုက်ကယ်မန်ခမ်း) သည်လည်း ချင်းတပ်ဖွဲ့ KNU နယ်မြေမှ ဆုတ်ခွာသည့်အချိန်တွင် KNU တပ်ဖွဲ့ထံ၌ ကျန်ရစ်ခဲ့ပြီး ၁၉၈၀ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကာလတွင် မြန်မာပြည်သို့ ပြန်သွားပြီး အလင်းဝင်ခဲ့သည်။ 

ဗိုလ်ကြီး ဒေနီယဲလ်ထန်လျန်း (Pu David Thang Za Pau) ကျဆုံးခြင်း 

▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ချင်းတပ်ဖွဲ့ KNU နယ်မြေမှ ဆုတ်ခွာသည့်အချိန်တွင် စောမူပလောရွာ (Sawmuplaw) နှင့် စောထာ (Sawhta) စခန်းတွင် ချင်းလွတ်မြောက်ရေးတပ်မတော် ရှေ့ဆက် တော်လှန်ရေးလုပ်ဆောင်နိုင်ရန်အတွက် ထိုလက်နက်များသည် အရေးကြီးသည်။ KNU ကမူ ချင်းတပ်ဖွဲ့မှ တပ်သားများ KNU နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် တားမြစ်ထားပြီးဖြစ်သည်။ သို့သော်ချင်းတပ်ဖွဲ့အနေဖြင့် တော်လှန်ရေးရှေ့ဆက်လုပ်ငန်းစဉ်အတွက် အလွန်အရေးကြီးသည့် ထိုလက်နက်များအား သွားယူရန်ပြင်ဆင်ခဲ့ကြသည်။ ထိုလက်နက်များအား သွားယူရန်အတွက် ဗိုလ်ကြီး ဒေနီယဲလ်ထန်လျန်း နှင့် တပ်ကြပ်မြင့်ကျော်တို့အား တာဝန်ပေးအပ်ခဲ့ရသည်။ ဗိုလ်ကြီးလျန်ထန်း၏ မှတ်တမ်းထဲတွင် … “အဲဒီလက်နက်တွေ ကျွန်တော် (ဗိုလ်ကြီးလျန်ထန်း) နှင့် ဗိုလ်ကြီး ဒေနီယဲလ်ထန်လျန်း (Pu David Thang Za Pau) တို့မှ သွားယူဖို့ ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် စခန်းမှာ မောစ်ကုတ်သုံးတဲ့ကြေးနန်း သုံးတတ်တဲ့သူမရှိတာကြောင့် ဦးမန်တလင်းမှ ကျွန်တော့ကို ကျန်နေခဲ့ဖို့ပြောတယ်။ ကျွန်တော့အစား ကရင်လူမျိုး ကရင်စကားလည်း တတ်ကျွမ်းသူ တပ်ကြပ်မြင့်ကျော် နဲ့အစားထိုးထားတယ်။ တပ်ကြပ်မြင့်ကျော်ကတော့ သူအမေ ကရင် သူ့အဖေက ဗမာဖြစ်ပြီး ကရင်စကားလည်း ပြောတတ်တာကြောင့် ပိုပြီးအဆင်ပြေမယ့်လို့ ကျွန်တော်တို့ ယုံကြည်ခဲ့တယ်။ သူတို့နှစ်ယောက် လိုင်မီးစခန်းကနေ ဇူလိုင် ၅ ရက် ၁၉၇၄ မှာထွက်ခွာခဲ့ကြတယ်။ ဒါပေမယ့် သူတို့ထွက်ပြီးသွားတဲ့နောက်ပိုင်း ဘာသတင်းမှ ကျွန်တော်တို့မကြားတော့ဘူး။ ကျွန်တော်တို့ဘက်က KNU ဌာနချုပ်နှင့် ပြည်ချစ်တပ်မတော်ကိုလည်း လိုင်မီးစခန်းကနေ ကြေးနန်း (Morse) ပို့ခဲ့ကြတယ်။ ဒါပေမယ့် ဘာသတင်းမှ ကျွန်တော်တို့မရခဲ့ဘူး။ ကျွန်တော်တို့ အကြိမ်ကြိမ်စုံစမ်းပြီးတဲ့ နောက်ပိုင်းမှာမှ ပြည်ချစ်တပ်မတော် ဗိုလ်ချုပ်စောကြာဒိုးကနေ စက်တင်ဘာလ ၁၆ ရက်နေ့ ၁၉၇၄ မှာ “ဗိုလ်ကြီးဒေနီယဲလ်ထန်လျန်းသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ သတ်ဖြတ်ခြင်းကို ခံရသည်” ဆိုပြီး ကြေးနန်းဝင်လာတယ်။ ကျွန်တော်တို့ မယုံကြည်နိုင်ခဲ့ဘူး။ အဲဒီအကြောင်းကို အတည်ပြုဖို့ ကျွန်တော်တို့ KNU ဌာနချုပ်မှာ အကြိမ်ကြိမ်မေးမြန်းခြင်းပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁ ရက်နေ့ ၁၉၇၄ တွင် KNU ဌာနချုပ်ဘက်မှ အကြောင်းပြန်ကြားခဲ့တယ်။ ဗိုလ်ကြီးဒေနီယဲလ်ထန်လျန်း သည်ကရင်တပ်ဖွဲ့၏ အဆုံးစီရင်ခြင်းကို ခံရခြင်းဖြစ်သည် ဆိုပြီးအကြောင်းပြန်လာတယ်။ အဲဒီသတင်းကြားပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ အရမ်းဝမ်းနည်းခဲ့ရတယ်။ ကျွန်တော်ဆိုရင် တစ်ပတ်လောက် အိပ်မရ၊ စားမဝင် ဖြစ်ခဲ့ရတယ်။ သူမထွက်ခွာခင်တုန်းက သူ့မှတ်ပုံတင် နှင့် သူ့မိသားစုဓာတ်ပုံတွေကို ကျွန်တော့ဆီမှာ ထားခဲ့တယ်။ တပ်ကြပ်မြင့်ကျော်အကြောင်းလည်း ကျွန်တော်တို့ဘာမှ မကြားရတော့ဘူး” ဟုတွေ့ရှိနိုင်သည်။ ထိုသို့ဖြင့် တော်လှန်ရေးဘက်တွင် အလွန်စိတ်အားထက်သန်သည့် လူငယ် ဗိုလ်ကြီးဒေနီယဲလ်ထန်လျန်း (Pu David Thang Za Pau) အသက်ဆုံးရှုံးခဲ့ရသည်။ 

NULF မဟာမိတ်ပြိုကွဲခြင်းပျက်စီခြင်း 

▲▲▲▲▲▲▲▲▲▲▲▲▲▲▲

၁၉၇၄ နှစ်ကုန်တွင် ချင်းလွတ်မြောက်ရေးတပ်မတော်၏ အင်းအားသည် ဗိုလ်မှူးဝီလံလျန်ခေါင်းဆောင်သည့် တပ်သား ၂၀ ခန့်သာကျန်ရစ်ခဲ့တော့သည်။ ဗိုလ်မှူးဝီလီယံနှင့် ၎င်းတပ်သား ၂၀ ခန့်သည်လိုင်မီးစခန်းအနီးတွင် သီးနှံစိုက်ပျိုးကြပြီး နယ်စပ်ကုန်သွယ်ရေးတွင်လည်း စီးပွားရေးလုပ်ကိုင်ခဲ့ကြသည်။ ဗိုလ်ကြီးလျန်ထန်းသည်လည်း ချင်းမိုင်မြို့သို့ ပြောင်းရွှေ့ပြီး စီးပွားရေးလုပ်ခဲ့သည်။ ပါလီမာန်ဒီမိုကရေစီ ဥက္ကဌ ဦးမန်တလိန်းသည်လည်း ၁၉၇၄ ဒီဇင်ဘာလတွင် ဘန်ကောက်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး The Nation တတင်းစာတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ သူသည် ဝန်ကြီးချုပ်ဦးနုကို အလွန်လေးစား အားကိုးသူဖြစ်ပြီး ဝန်ကြီးချုပ်ဦးနုနှင့်အတူ တော်လှန်ရေးလုပ်ရန် ချင်းပြည်မှ ထိုင်းနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ရာ ဦးနု နှုတ်ထွက်သွားသည့်နောက်ပိုင်းတွင် တော်လှန်ရေး၌ စိတ်အားထက်သန်ခြင်း မရှိခဲ့တော့ချေ။ ၁၉၇၄ ဒီဇင်ဘာလ နောက်ပိုင်း ချင်းဒီမိုကရေစီပါတီသည် နာမည်အဖြစ်သာ ကျန်ရစ်ပြီး နိုင်ငံရေးဘက်တွင် လှုပ်ရှားမှုမရှိခဲ့တော့ဘဲ ၁၉၈၈ အရေးအခင်းနောက်ပိုင်းမှ သာ ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။ ချင်းလွတ်မြောက်ရေးတပ်မတော်သည်လည်း ဗိုလ်မှူးဝီလီယံနှင့် အင်အား ၂၀ ခန့်သာကျန်ရစ်ခဲ့ပြီး သီးနှံစိုက်ပျိုးခြင်း နှင့် စီးပွားရေးလုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကာ ရှေ့ဆက်တော်လှန်ရေးအတွက် လာမည့်အခွင့်အရေးကို စောင့်မျှော်ခဲ့ကြသည်။ 

ပါလီမာန်ဒီမိုကရေစီပါတီကိုလည်း နောက်ပိုင်းတွင် ပြည်သူ့မျိုးချစ်တပ်မတော် (People Patriotic Party) ဟုနာမည်ပြောင်းလဲခဲ့ကြသည်။ ဦးနုမရှိသည့်နောက်ပိုင်းတွင် ပြည်ချစ်တပ်မတော်အတွင်းတွင် မညီညွတ်မှုနှင့် ပြိုင်ဆိုင်မှုများပေါများဖြစ်ပွားခဲ့သည်။ တောင်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ရန်နိုင်သည် အခွန်ကောက်ခံခြင်းအငြင်းပွားမှုကြောင့် KNU တပ်သားများနှင့် ပစ်ခတ်မှုကြောင့် ပြည်ချစ်တပ်မတော်မှ ထုတ်ပယ်ခြင်းခံရသည်။ ပြည်ချစ်တပ်မတော်အတွင်း အဖွဲ့များကွဲပြားလာပြီး ဗိုလ်ချုပ်ကြီးလက်ျာ  နှင့် ဗိုလ်ချုပ်သွင် ဦးဆောင်သည့် ပြည်ချစ်တပ်မတော် (အလယ်ပိုင်း) သာကျန်ရစ်ခဲ့သည်။ ပြည်ချစ်တပ်မတော်သည် အင်အားလျော့နည်းခြင်းကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ၁၉၇၂ ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်း တို့တွင်အချိန်မှီ လှုပ်ရှားနိုင်ခြင်းမရှိခဲ့ပါ။ ထိုအရေးခင်းများကြောင့် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးသည် တော်လှန်ရေးနယ်မြေသို့ လျှို့ဝှက်သွားရောက်ပြီး ဗိုလ်ချုပ်ကြီးလက်ျာ၊ ဗိုလ်ချုပ်သွင်တို့နှင့် တွေ့ဆုံခဲ့သေးသည်။ ဆလိုင်းတင်မောင်ဦးသည် မြန်မာပြည်သို့ ပြန်လည်လျှို့ဝှက်ဝင်ရောက်ခဲ့ပြီး စစ်တပ်မှ ဖမ်းဆီးခြင်းကိုခံရကာ ဇွန်လ ၂၆ ရက်နေ့ ၁၉၇၆ ခုနှစ်တွင် ကြိုးပေးကွပ်မျက်ခြင်းခံရခဲ့သည်။ ပြည်ချစ်တပ်မတော်အတွင်း ဗိုလ်ချုပ်ရန်နိုင်၊ ဒေါက်တာမန်းမြင့်ဆိုင် နှင့် ဗိုလ်ချုပ်ကြီးလက်ျာ စသည်ဖြင့် သုံးဖွဲ့ကွဲခဲ့ကြပြီး ဗိုလ်ချုပ်ကြီးလက်ျာ ၏သား အောင်လက်ျာ လုပ်ကြံခံရသည့် အဖြစ်အပျက်ကြောင့် အချင်းချင်းပစ်ခတ်ခဲ့ကြသည်။ KNU မှလည်း ကြားဝင်ဖြန်ဖြေရန် ဆုံးဖြတ်ခဲ့ပြီး ဗိုလ်ချုပ်ကြီးမြမှ တပ်ဖွဲ့စေလွှတ်ခဲ့သည်။ ထိုသို့တိုက်ပွဲဖြစ်ပွားနေချိန်တွင် ဗိုလ်ချုပ်ကြီးလက်ျာ သည်ကျည်သင့်ပြီး သေဆုံးခဲ့ရသည်။ ထို့နောက်တွင် ပြည်ချစ်တပ်မတော်၏ တော်လှန်ရေးသည်လည်း အဆုံးသတ်ခဲ့ရတော့သည်။ 

ရခိုင်လွတ်မြောက်ရေးတပ်မတော် နှင့် ဗိုလ်မှူးဝီလီယံ ဆာလျန်ဇမ်း 

▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ဗိုလ်မှူးဝီလီယံနှင့်တပ်သားအနည်းငယ်သည် လိုင်မီးစခန်းအနီးတွင် စခန်းချပြီး စိုက်ပျိုးရေး နှင့် စီပွားရေးလုပ်ကိုင်ပြီး ၁၉၇၅ နှင့် ၁၉၇၆ ခုနှစ်များ ဖြတ်ကျော်ခဲ့ရသည်။ ထိုအချိန်တွင် ဗိုလ်ခိုင်မိုးလင်းဦးဆောင်သည့် ရခိုင်လွတ်မြောက်ရေးတပ်မတော် (ALA) သည် ရခိုင်ပြည်သို့ပြန်ပြီး တော်လှန်ရေးလုပ်ရန် အဆင်သင့်ဖြစ်နေပြီးဖြစ်သည်။ ရခိုင်ပြည်သို့ပြန်ရန်အတွက် ALA တပ်သည် မဲဟောင်ဆောင် (Mae Hong Son) အနီးသို့ စခန်းချနေချိန်ဖြစ်သည်။ ထိုအချိန်တွင် ဗိုလ်မှူးဝီလီယံ နှင့် ဗိုလ်ခိုင်မိုးလင်းတို့ တွေ့ဆုံခဲ့ကြပြီး ဗိုလ်ခိုင်မိုးလင်းမှ ဗိုလ်မှူးဝီလီယံအား သူတို့နှင့်အတူ လိုက် ပါသွားရန်ဖိတ်ခေါ်ခဲ့သည်။ ဗိုလ်ခိုင်မိုးလင်းသည်လည်း ဗမာ့တပ်မတော် (ရေတပ်) မှ ထွက်ခွာခဲ့သူဖြစ်ပြီး ဗိုလ်မှူးဝီလီယံ နှင့် ဗမာ့တပ်မတော်ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ် ကတည်းက သူတို့နှစ်ဦး သိကျွမ်းပြီးဖြစ်သည်။ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးနောက် ရခိုင်မျိုးချစ်တို့သည်လည်း တော်လှန်ရေးအစိုးရကို တော်လှန်ရန်အတွက် ရခိုင်လွတ်မြောက်ရေးပါတီ (Arakan Liberation Party) ကို ၁၉၆၇ ခုနှစ်တွင် ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းခဲ့ကြခြင်းကြောင့် ပါတီဥက္ကဌ ခိုင်မိုးလင်း နှင့် ခေါင်းဆောင်များ အဖမ်းခံခဲ့ရသည်။  ၁၉၇၂ ခုနှစ်တွင် ခိုင်မိုးလင်း ထောင်မှလွတ်မြောက်လာပြီး ၁၉၇၃-ခုနှစ် နှစ်ဆန်းပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး ကော်မူးရာ နယ်မြေသို့သွားရောက်ပြီး KNU ခေါင်းဆောင်များဖြစ်သည့် ဥက္ကဋ္ဌ မန်းဘဇံ၊ ဗိုလ်ချုပ်ကြီး စောဘိုမြတို့နှင့် သဘောတူညီချက်စာချုပ်တခုချုပ်ဆိုနိုင်ခဲ့ပြီး ရခိုင်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) တို့ကို ပြန်လည် ဖွဲ့စည်း ထူထောင်ခဲ့သည်။ ထိုသို့ ထူထောင်ရာတွင် ခိုင်မိုးလင်းကို ပါတီ၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ စစ်ဦးစီးချုပ် အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ KNU နယ်မြေတွင် တပ်သားစုဆောင်း လေ့ကျင့်ပေးရင်း တဖြည်းဖြည်း အင်အားကောင်းလာပြီး လက်နက်ကိုင်တပ်ဖွဲ့မဟာမိတ်အသစ်ဖြစ်သော အမျိုးသားဒီမိုကရစ်တစ်တပ်ပေါင်းစု (National Democratic Front) တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ National Democratic Front (၁၉၇၆-၁၉၈၈) ကို ၁၉၇၆ တွင်ဖွဲ့စည်းခဲ့ပြီး 

Arakan Liberation Party(ALP), 

Kachin Independence Organization(KIO), 

Karen National Union(KNU), 

Karennni National Progressive Party(KNPP), 

Kayan New Land Party(KNLP), 

Lahu National Unity Party(LNUP), 

Union Pa-O National Organisation(UPNO), 

Palaung State Liberation Organization(PSLO) နှင့် 

Shan State Progress Party(SSPP) စသည့်အဖွဲ့များပါဝင်သည်။ 

ဗိုလ်မှူးဝီလီယံ နှင့် ဥက္ကဌကြီးခိုင်မိုးလင်းတို့သည် ၁၉၇၆ နှစ်ဆန်းပိုင်း ကတည်းက အဆက်အသွယ်ရှိခဲ့ပုံရသည်။ ဗိုလ်မှူးဝီလီယံ ချင်းပြည်တွင် တော်လှန်ရေးလုပ်မည့် အစီအစဉ်ကို ဗိုလ်ကြီးလျန်ထန်း၏ မှတ်တမ်းထဲတွင် “၁၉၇၆ ဇန်နာဝါရီလ ၁၄ ရက်နေ့မှာ ဗိုလ်မှူးဝီလီယံနှင့် ကားမောင်းတဲ့သူတစ်ယောက် ချင်းမိုင်းကို ရောက်လာပြီး ပစ္စည်းလာရောင်းကြတယ်။ သူတို့ရောင်းမည့် ပစ္စည်းတွေကို ကျွန်တော်ဘဲ တာဝန်ယူပေးလိုက်တယ်။ အဲဒီမှာ ကျွန်တော်တို့ ဆွေးနွေးကြတယ်။ ဗိုလ်မှူးဝီလီယံကနေ ငါတို့အားလုံး ချင်းပြည်ပြန်ပြီးတော့ ချင်းပြည်ကနေတော်လှန်ရေး လုပ်ဖို့ ဆုံးဖြတ်ထားပြီးပြီ။ ခင်ဗျားလဲ ငါတို့နဲ့ လိုက်ခဲ့ပါလား။ ငါတို့ချင်းပြည်သွားတဲ့အချိန်ကြရင် ချင်းလွတ်မြောက်ရေးတပ်မတော် (Chin Liberation Army) ကို ချင်းအမျိုးသားတပ်မတော် (Chin National Army) ဆိုပြီး နာမည်ပြောင်းမယ်။ ငါတို့ ချင်းပြည်သွားနိုင်ဖို့အတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဆီမှာ အကူညီတောင်း ဖို့လိုလိမ့်မယ်။ ချင်းပြည်သွားတဲ့ တပ်သားမှန်သမျှ ချင်းပြည်ရောက်လို့ ရှိရင် ရာထူးအဆင့် သုံးဆင့်တိုးပေးမယ်။ ရခိုင်လွတ်မြောက်ရေးတပ်နှင့်လည်း ဆက်သွယ်ထားတယ်။ တစ်ကယ်လို့ သူတို့နှင့်ပြန်ဖြစ်ရင် သူတို့ရဲ့ ရခိုင်ပြည်ခရီးအတွက် ချင်းပြည်ရောက်တဲ့အချိန်မှာ ငါတို့ကဘဲ အစစအရာရာ သူတို့ရိက္ခာအတွက် စီစဉ်ပေးဖို့လိုလိမ့်မယ်” လို့သူပြောတယ်။ ကျွန်တော်လည်း စဉ်းစားပြီးတော့ ပြန်ပြောတယ်။ အခုချိန် ချင်းပြည်အခြေအနေကို သုံးသပ်ပြီး ချင်းပြည်မှာ တော်လှန်ရေးအတွက် တော်လှန်ရေးအင်အား နှင့် ရေခံမြေခံမရှိတဲ့ အခြေအနေမျိုးဆိုရင်တော့ ဒါဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ စစ်ဆင်ရေးဘဲ လို့ကျွန်တာ်ပြန်ပြောခဲ့တယ်။ သူကလည်း ပြန်ပြောတယ် …. လူဆိုတာတစ်နေ့သေရမှာဘဲ .. ငါတို့ဘယ်မှာဘဲ နေနေ .. တစ်နေ့တော့ အားလုံးသေကြရမှာဘဲ .. ဒါပေမယ့် ငါတို့ဒီမှာ သေရတာထက် ချင်းပြည်မှာ ချင်းပြည်အတွက် သေရရင် ငါတို့အတွက် ပိုပြီးတော့တန်ဖိုးရှိတယ် .. လို့သူပြန်ပြောတယ်။ ကျွန်တော်ကလည်း စိတ်တော့မကောင်းဘူး .. အဲဒီလိုဆိုရင်လည်း ငါကတော့ လိုက်နိုင်မှာမဟုတ်ဘူး .. ခင်ဗျားတို့ဘဲ တော်လှန်ရေးလုပ်ဖို့ သွားကြပါ .... ကျွန်တော်ဒီကနေ ကူညီနိုင်တာရှိရင် တတ်နိုင်သမျှကူညီမယ် လိုကျွန်တော်ပြန်ပြောခဲ့တယ်။ သူကလည်း စိတ်ကျေနပ်စွာနဲ့ သဘောတူခဲ့တယ် .. ဟုတွေ့ရှိနိုင်သည်။  

ALA/ALP ဥက္ကဌခိုင်မိုးလင်းဦးဆောင်သော မိုးလင်းရာဇာစစ်ကြောင်းသည် ရခိုင်ပြည်သို့ ချီတက်ပြီး တော်လှန်ရေးဆက်လုပ်ရန် KNU နယ်မြေမှ ၁၉၇၆ ဇွန်လတွင် စတင်ချီတက် ထွက်ခွာလာခဲ့ကြပြီး ကရင်နီနယ်စပ်တွင် စခန်းချခဲ့ကြသည့် အချိန်တွင် ဗိုလ်မှူးဝီလီယံ နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံခဲ့သည့် အဖြစ်အပျက်ကို မိုးလင်းရာဇာစစ်ကြောင်းတွင် ပါဝင်ပြီး ALA နှင့်အတူ ချင်းပြည်ခရီးကို ဗိုလ်မှူးဝီလီယံတို့နှင့် အတူခရီးဆက်ခဲ့သူ ဗိုလ်မှူးခိုင်မျိုးမင်းမှ ယခုလိုပြန်လည်ပြောကြားခဲ့သည်။ “ကျွန်တော်တို့က ရခိုင်ပြည်ပြန်ဖို့ မဲစာရင်း (Maesariang) ကနေ ၁၉၇၆ ဇွန်လမှစထွက်တယ်။ မဲဟောင်ဆောင် (Mae Hong Son) မြို့ မဲဟောင်ဆောင်အနောက်ဘက် SSPP ရှမ်းလက်နက်ကိုင်တွေ ဆက်ဆံရေးစခန်းဖွင့်တဲ့နေရာမှာ စခန်းချတယ်။ ဥက္ကဌကြီးက တစ်ခေါက်ပြန်သွားတယ် .. ဘယ်သွားလဲဆိုတာတေ့ အတိအကျမသိဘူ .. အဲဒီစခန်းမှာဘဲ ဥက္ကဌကြီးနှင့် ဗိုလ်မှူးဝီလီယံတို့ တစ်နေ့ညနေစောင်းတဲ့အချိန်လောက် ပြန်လာကြတယ်။ အဲဒီမှာ ဥက္ကဌကြီးက ဗိုလ်မှူးဝီလီယံကို ကျွန်တော်တို့ ရခိုင်တပ်နဲ့လိုက်ခဲ့ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဗိုလ်မှူးဝီလီယံကလည်း သူလည်း ချင်းပြည်ပြန်ပြီး တော်လှန်ရေးလုပ်ဖို့ ကြိုးစားနေတယ် .. ဒါပေမယ့် ငွေရေးကြေးရေး ဘက်မှာ အဆင်မပြေသေးတဲ့အကြောင်း သူပြေန်ပြောတယ် .. ဦးနုပါတီကနေ သူတို့ချင်းပါတီကို ထောက်ပံ့ခဲ့တဲ့လက်ကျန်ငွေ သူရှာနေတဲ့အကြောင်းပြောတယ်။ သူကအဲလိုပိုက်ဆံရှာပြီး ချင်းပြည်အတွက် တော်လှန်ရေး ဆက်လုပ်ဖို့ကြိုးစားနေတဲ့အကြောင်း ပြောတယ်။ ချင်းတွေထဲမှာ သူဘဲတော်လှန်ရေး လုပ်ဖို့ ကြိုးစားတယ်။ ဦးမန်တလင်းတို့ ဆိုရင် ဦးနုမရှိတဲ့အချိန်နောက်ပိုင်း တော်လှန်ရေးဘက် စိတ်မဝင်စားတော့ဘူး။ ဥက္ကဌကြီးကလည်း အခုလိုမျိုးကြုံဖို့ ဆုံဖို့ဆိုတာမလွယ်ဘူး .. ကျွန်တော်တို့ ကြုံတဲ့အချိန်မှာ ကျွန်တော်တို့ အတူသွားရအောင် .. ခင်ဗျားလိုအပ်တဲ့အရာတွေကို ကျွန်တော်တတ်နိုင်သဘောက် ပံ့ပိုးပေးမယ် .. ငွေရေးကြေးရေး လက်နက်တွေဖြစ်ဖြစ် ကျွန်တော်တို့ ပံ့ပိုးပေးမယ် လို့ပြောခဲ့တယ် .. နောက်ပြီးတော့ ချင်းလွတ်မြောက်ရေးတပ်မတော်ကို တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ အမျိုးသားဒီမိုကရစ်တစ်တပ်ပေါင်းစု (National Democratic Front) မှာအဖွဲ့ဝင်ဖြစ်နိုင်အောင် ကူညီမယ်” လို့ဥက္ကဌကြီးက ပြောခဲ့တယ်။ ဗိုလ်မှူးခိုင်မျိုးမင်းမှ ဆက်လက်ပြောကြားရာတွင် "အဲဒီချိန်တုန်းက တိုင်းရင်းသား နယ်မြေတိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့ရှိတယ်။ ချင်းပြည်မှာဘဲ လက်နက်ကိုင်တပ်ဖွဲ့မရှိတာ။ ဥက္ကဌကြီးကလည်း ချင်းပြည်မှာ လက်နက်ကိုင်တပ်ဖွဲ့ရှိလို့ရှိရင် ချင်းပြည်အတွက်ကော ရေရှည် ရခိုင့်တော်လှန်ရေးအတွက်ကော အထောက်အကူပြုမယ်လို့ သုံးသပ်ထားတယ်၊ အဲဒါကြောင့် ဗိုလ်မှူးဝီလီယံကို ချင်းပြည်မှာ အခြေချပြီး တော်လှန်ရေးလုပ်ဖို့ ပြောခဲ့တာ” ဟုပြောကြားခဲ့ပါသည်။  

+++++++++++++++++++++++++++++++++++++

ဆက်လက်ဖော်ပြပါမည်။ 

အပိုင်း (၄) တွင် ဗိုလ်ခိုင်မိုးလင်းဦးဆောင်သည့် ရခိုင်လွတ်မြောက်ရေးတပ်မတော် နှင့် ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်း ခေါင်းဆောင်သည့် ချင်းလွတ်မြောက်ရေးတပ်မတော်တို့၏ မိုးလင်းရာဇာစစ်ကြောင်းကြီး မိုင်နှစ်ထောင်ကျော် ရှည်လျားသောခရီးအား တော်လှန်ရေးအတွက် ချီတက်ခဲ့ကြသည့် အကြောင်း၊ ချင်းပြည်နယ်အတွင်း တိုက်ပွဲများဆင်နွဲခဲ့ကြပြီး သေမင်းတမာန်နှင့် ချိန်းတွေ့ခဲ့ကြသည့် ဝမ်းနည်းကြေကွဲဖွယ်ရာ အကြောင်းများ၊ ဗမာ့တပ်မတော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ာ၏ မြရတနာစစ်ဆင်ရေးအကြောင်းများ ဖော်ပြသွားမည်ဖြစ်သည်။