Salai Hung Tun Gei/ChinWorld Publish on January 27, 2016
ရက္ခိုင့်တပ်မတော်(AA)မှ ပလက်ဝနယ်မြေအတွင်း လှုပ်ရှားမှုနှင့်ပတ်သက်ပြီး မကြာခင် KIO စစ်ဌာနချုပ်တွင် AA တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လက်ရှိလုပ်ရပ်များအပေါ် တားဆီးမည်ဖြစ်ပြီး မလိုက်နာပါက ချင်းအမျိုုးသားတပ်မတော်အနေဖြင့် လက်နက်စွဲကိုင်ကာ ပလက်ဝနယ်မြေမှ တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး အထွေထွေအတွင်းရေးမှုးချုပ်က ဇန်နဝါရီ ၂၆ ရက်နေ့က ပြောကြားသည်။
“ ပလက်ဝနယ်မှာ ချင်းတပ်မတော်နဲ့ အစိုးရတပ်မတော်ကလွဲပြီး ဘယ်တပ်မတော်မှ နေလို့မရဘူး။ ၂၀၁၂ မှာကျွန်တော်တို့အစိုးရနဲ့လက်မှတ်ရေးထိုးစဉ်က သဘောတူညီထားတာရှိတယ်။ ကျွန်တော်တို့စကားကိုနားမထောင်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်းနဲ့ သူတို့ကိုတိုက်ရလိမ့်မယ်။ ကျွန်ုပ်တို့နယ် မြေမှာ ဒါမျိုးလာလုပ်တာလက်မခံဘူး။ ကျွန်တော်တို့ရဲ့မြေကိုကာကွယ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်” ဟု ချင်းအမျိုးသားတပ်ဦး အထွေထွေအတွင်းရေးမှုးချုပ် ပူးဇိန်ကျုံးက Chin World Media သို့ ပြောသည်။
လက်ရှိအချိန်တွင် ချင်းအမျိုးသားတပ်ဦး၏ လေးနှစ်တစ်ကြိမ်ကျင်းပသည့် ညီလာခံကို ထန်တလန်မြို့နယ်တွင်းရှိ ဗစ်တိုးရီးယားဌာနချုပ်တွင် ပါတီညီလာခံကျင်းပလျက်ရှိပြီး ညီလာခံကျင်းပပြီးလျှင် KIO ဌာနချုပ်သို့ သွားရောက်ကာ AA မှတာဝန်ရှိသူများနှင့်သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။
“AA ကအရင်နှစ်လောက်ကနေပေါ်လာတယ်။ ၂၀၁၅ အတွင်းမှာဆိုရင်လည်း အစိုးရတပ်နဲ့ ပစ်ခတ်မှုတွေရှိတယ်။ ကျွန်တော်တို့လူတွေအများကြီးဒုက္ခရောက်ရတယ်။ ပလက်ဝနယ်ဖက်မှာ တိုက်ပွဲမဖြစ်ဖို့ဇူလိုင်လတုန်းက သူတို့ကိုပြောထားပြီးပြီ။ အခုသူတို့ထပ်ပြီး ပြဿနာဖန်တီး တယ်။ ဒါကြောင့် ဒီညီလာခံပြီးရင် ကျွန်တော် ဒါမှမဟုတ် တာဝန်ရှိသူတစ်ဦးဦး KIO ဌာနချုပ်ကိုသွားမယ်။ အဲဒီမှာရှိတဲ့ AA ဗိုလ်မှုးချုပ် ထွန်းမြင့်နိုင် နဲ့ commander တွေနဲ့လည်း ရင်းနှီးတယ်။ သူတို့ရဲ့ပလက်ဝအတွင်းလုပ်တဲ့ပြသနာကို သွားတားမယ်” ဟု၎င်းကဆက်လက်ပြောကြားသည်။
ယခင်က Arakan Liberal Party (ALP) အနေဖြင့်လည်း ပလက်ဝဒေသအတွင်း ဆက်ကြေး ကောက်ယူများရှိခဲ့ခြင်းကြောင်း၊ ချင်းအမျိုးသားတပ်မတော်မှ တရားဝင်အကြောင်းကြားစာဖြင့်လည်းကောင်း၊ တာဝန်ရှိသူများတွေ့ဆုံ၍ ပလက်ဝဒေသတွင် ဆက်ကြေးထပ်မံမကောက်ခံရန် တောင်းဆိုတားဆီးမှုများ ပြုလုပ်ခဲ့ခြင်းကြောင်း၊ ယင်းအချိန်တွင်အဆင်ပြေခဲ့ကြောင်း ပူးဇိန်ကျုံးကဆိုသည်။
ခူမီးလူငယ်အသင်းတာဝန်ရှိသူ ဆလိုင်းပီတာလွယ်လူးက “ ALP ကအိန္ဒိယနယ်စပ်မှာ အခြေစိုက်ပြီး ဆက်ကြေးကောက်တာမျိုးတွေရှိခဲ့တယ်။ အခု AA ကတော့ ရွာအတွင်းကို သေနတ်တွေနဲ့ဝင်ပြီး အကြမ်းဖက်နည်းနဲ့ ခြိမ်းခြောက်ပြီး စားနပ်ရိက္ခတွေတောင်းနေတယ်။ အခုလည်းသတင်းတွေ တောက် လျှောက်ကြားနေရတုန်းပဲ။ ဖြစ်နေတုန်းပဲ။ ချင်းအမျိုးသားတပ်မတော်အနေနဲ့ လက်နက်ကိုင်ပြီး တိုက်တယ်ဆိုရင် အဲဒီကဒေသခံတွေ အားဝိုင်းဖြည့်ပေးမယ့်သူအများကြီးပဲ။ အခုအတော်လေးခံပြင်း နေကြတယ်” ဟုပြောသည်။
AA အဖွဲ့မှ ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်နယ်နမိတ်အတွင်းပါဝင်ကြောင်း၊ မိမိတို့မှာနယ်မြေရရှိ ရေးအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်းစည်းရုံးပြောဆိုခြင်းသည် လက်ရှိမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံဥပဒေနှင့် ဆန့်ကျင်ပြီး တိုင်ရင်းသားစည်းလုံးညီညွတ်ရေးကိုပါထိခိုက်စေသောအပြုအမူဖြစ်သဖြင့် အလေးအနက်ကန့် ကွက်ကြောင်း ဇန်နဝါရီ ၁၉ ရက်နေ့က AA ၏လုပ်ရပ်နှင့်ပတ်သက်ပြီး ခူမီးလူငယ်များအသင်း၊ ခူမီးအမျိုးသမီးများအဖွဲ့နှင့် ပလက်ဝခူမီး လူမှုအဖွဲ့အစည်း (မလေးရှား)တို့မှ သဘောထားထုတ်ပြန်ခဲ့သည်။
ပုံ- ချင်းအမျိုးသားတပ်ဦး အထွေထွေအတွင်းရေးမှုးချုပ် ပူးဇိန်ကျုံး