ဒေါက်တာ ပူဝုန့်ဆွဏ် (Dr. Pu Vum Son) မှတ်တမ်းတင်ထားသော CNF/A ၏ အဓမ္မမှုများ
ဒိမ်ရှန်းကျင်း (Dim Sian Ciin) အရေးနှင့် ပတ်သက်ရ်္ရ်္CNFဘက်မှ သုံးလအတွင်း အကြောင်းပြန်မည် ဟူသော CNF ခေါင်းဆောင်ဗိုလ်မှူးကြီး သောမတ်စ်ထန်နို (Colonel Thomas Thangno)၏ ဇိုမီး မိသားစု DC (Zomi InnKuan D.C) အပေါ် ပေးထားသောကတိစကားကြောင့် ဘိုဇင်ကျွန်း (Bo Zing Cung)အား လက်ခံခြင်း ဖြစ်ပါသည်။ ၃ လဟူသော အချိန်ကုန်လွန်သွား သည့်အပြင် ဇန်နဝါရီလတိုင်အောင် ဒိမ်ရှန်းကျင်းအရေးနှင့် ပတ်သက်သော မည်သည့်အကြောင်း ကြားချက်မျှ CNF ဘက်မှ မရှိခဲ့ပါ။
NDF နှင့် NCUB တွင် CNF သည် အဖွဲ့၀င်အဖြစ် ပါ၀င်ခွင့် ရရှိခြင်းသည် မြန်မာ့ ဒီမိုကရေစီလမ်းကြောင်းတွင် တိုးတက်မှုတစ်ခုအဖြစ်၍ UN ၏ မျက်နှာသာပေးခြင်းခံရသည့် အဖွဲ့(၃)ဖွဲ့၏ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် CNF ၏ အခန်းကဏ္ဍကိုမူ ဘိုဇင်ကျွန်း (Bo Zing Cung) အနေဖြင့် အကျယ်တ၀င့် ရှင်းပြထားပါသည်။ ဒီစီဇိုမီး မိသားစုသည် နိုင်ငံရေးနှင့် မပတ်သက်ပဲ၊ စုပေါင်းဆုတောင်းခြင်းစသော ဘာသာရေး ရည်ရွယ်ချက်သက်သက်ဖြင့် ဖွဲ့စည်းတည်ထောင် ထားခြင်း ဖြစ်သည်နှင့်အညီ နိုင်ငံရေးကိစ္စရပ်များတွင် ဦးစားပေး စိတ်၀င်စားမှု မရှိပါ။
ဘိုဇင်ကျွန်း၏ ပြောကြားချက်ရ “အလုပ်တစ်ခုလုပ်ဆောင်ရာတွင် အမှားများ ရှိနိုင်သည်” ဟူ၏။ ဤပြောကြားချက်သည် ဇိုမီး မိသားစု၀င်များ၏ ဒေါသကိုဆွပေးသလို ဖြစ်နေပါသည်။ ဤသို့ ပြောဆိုချက်များသည် ဇိုမီး မိသားစုအဝိုက်အ၀န်းရှိ CNF တို့၏ လူသတ်မှုများကို ပပျောက် စေလို ခြင်းကြောင့် ဖြစ်သည်။ သူတို့သည် CNF၏ လုပ်ရပ်များနှင့် ပတ်သက်၍ နှိမ့်သိမ့်ခြင်း၊ ၀မ်းနည်းမှု အသိအမှတ်ပြုခြင်း တစ်ခုခုကို CNF ခေါင်းဆောင်ထံမှ မျှော်လင့်မိကြပါသည်။ လုပ်ကြံခံရသူ အချို့သည် CNF ဗဟိုကော်မတီ (CNF Central Committee)၏ ညွှန်ကြားချက်အတိုင်း လုပ်ကြံ ခံရခြင်းဖြစ်ကြောင်း ဇိုမီး မိသားစုမှ သိရှိထားသည်။
မင်းနှင် (Ming Hnin) ကို မှားယွင်းပစ်သတ်မိ (CNF တပ်သားများက အခြားဆိုင်ကယ်စီး တစ်ဦးနှင့် မှားယွင်းပစ်ခတ်မိခြင်း) ဖြစ်၍ ဘိုဇင်ကျွန်းကိုယ်တိုင် မင်းနှင်၏ ဇနီးသည် ဒေါက်တာ မောရင်း (Dr. Maureen) ထံတွင် ၀န်ချတောင်းပန်ထားပြီး ဖြစ်ပါသည်။ ဒေါက်တာ မောရင်းနှင့် စကားစမြည်ပြောရာတွင် ဘိုဇင်ကျွန်းသည် ဟစ်တလာ (Adoff Hitler) ကို စံပြပုဂ္ဂိုလ်အဖြစ် ထားရှိကြောင်း ပြောပြဖူး၏ ဟစ်တလာသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုး ၆သန်းခန့် ကို သတ်ဖြတ်ဖူးသူ ဖြစ်ပါသည်။ ထိုသို့လျှင် ဘိုဇင်ကျွန်းသည်လည်း ဟစ်တလာ၏ ခြေရာကို နင်းမည့် လူသားလော? ချင်းပြည်နယ်အတွင်းရှိ လူသားအားလုံးကို သတ်ဖြတ်မည်လော?
ဒိမ်ရှန်းကျင်း (Dim Sian Ciin) ကို ခိုးယူခေါ်ထုတ်ခြင်းနှင့် ပတ်သက်၍ အဓိက မေးခွန်းမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဘိုဇင်ကျွန်း၏ လက်လွတ်စပယ်ပြောကြားရာတွင် လူအယောက် ၅၀ခန့် ခိုးယူခေါ်ထုတ်သွားသည်ဟူ၏ ဤအချက်သည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော အရာဖြစ်၏ CNF ၏ ခိုးယူခေါ်ထုတ်သွားသော လူတစ်ယောက် စိုးရိမ်ပူပန်နေရချိန်တွင် ၄၉ ယောက်ခန့် ကျန်ရှိနေသလော? ဤသို့ လူခိုးယူမှုများသည် CNF Central committee ၏ လိုလားချက်အရ လုပ်ဆောင်ခြင်း ဖြစ်သည်။
နိုထန်ကပ် (Pu No Than Kap) အားလုပ်ကြံမည့် အစီအစဉ်သည်လည်း CNF central committee ၏ ညွှန်ကြားချက်တစ်ရပ်ဖြစ်ကြောင်း ကျွန်တော်တို့သိပြီး ဖြစ်သည်။ အလားတူပင် Stephen နှင့် ၁၅ နှစ်အရွယ်ကလေးမလေးတို့ကို သတ်ဖြတ်ခြင်း ကိစ္စသည်လည်း အတူတူပင် ဖြစ်၏။ သူတို့နှစ်ဦးသည် မြန်မာ့စစ်ထောက်လှမ်းရေးများ ထိုင်လေ့ရှိသော လက်ဘက်ရည်ဆိုင်တစ်ခု၌ အလုပ်လုပ်နေသူများဖြစ်၍ သူတို့ကို ထောက်လှမ်းရေးများထံ သတင်းပို့သည်ဟု စွပ်စွဲချက်ဖြင့် သတ်ဖြတ်ခြင်း ဖြစ်သည်။ ဤအချက်များကို ကြည့်ခြင်းအားဖြင့် လာလ်းမာန်ငိုက် (Lal Hmangaiha)နှင့် ဦးဇမ်းတုန်းထန် (Pa Zam Tung Thang) တုိ့ လုပ်ကြံခံရခြင်း သည်လည်း CNF ၏ ညွှန်ကြားချက်ဖြစ်ကြောင်း သိသာထင်ရှားလှပါသည်။ CNF ၏ ဒုဥက္ကဌ နှင့် CNF ၏ ဥက္ကဌ နေရာတွင် လုပ်ဆောင်နေသူ ဘိုဇင်ကျွန်းသည် ဤလုပ်ကြံသတ်ဖြတ်ခြင်းနှင့် လွတ်ပေးခြင်း ကိစ္စရပ်များ စီစဉ်ရာတွင် အဓိက တာ၀န်ရှိသူ ဖြစ်ပါသည်။
ဆိုင်းဇန် (Saizang) ရွာအရေးနှင့် ပတ်သတ်၍ ပြောကြားရာတွင် တပ်သား ၃ ဦး ပထမ အကြိမ် ရွာထဲ၀င်ရာတွင် ရွာသား (၂)ဦး ဒဏ်ရာရရှိသည် ဟု ဖြစ်သည်။ ထိုအချက်သည် မိမိကိုယ် မိမိကာကွယ်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။ သို့ရာတွင် ပိုများသော လူဦးရေ၊ ပို၍ ပြည့်စုံတောင့်တင်း သောလက်နက်ကိရိယာများနှင့်အတူ CNF တို့ ရွာထဲသို့ ဒုတိယအကြိမ် ပြန်၀င်လာခြင်းသည် ထိုရွာနှင့် စစ်ခင်း(ရန်ခင်း)ရန် စတင်ကြခြင်း ဖြစ်ပါသည်။ ဤအချက်သည် မတော်တဆမှုနှင့် မိမိ ကိုယ်ကို ကာကွယ်ခြင်းလုံး၀ မဖြစ်နိုင်ပေ။ နိုင်ငံတကာ ခုံရုံး (International Court of Justice) နှင့် ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင် (UN Human Rights Commission) စသည့် အဆင့် များထိတိုင် တင်ပြသင့်သော အရာ ဖြစ်လာပါသည်။
DC ဇိုမီး မိသားစု၀င်အချို့က ဘိုဇင်ကျွန်းထံသို့ CNF ၏ တီးတိန်မြို့နယ်အတွင်း ဆက်ကြေးကောက်ခံမှုများ ရပ်တန့်ပေးရန် မေတ္တာရပ်ခံသည် ဟူသောသတင်းသည် အမှန်ဖြစ် သည်။ သို့ရာတွင် သူတို့၏ တောင်းဆိုမှုအမှန်မှာ “သေနတ်ဖြင့် ခြိမ်းခြောက်၍ ဆက်ကြေးကောက် ခံခြင်း မပြုကြရန်နှင့် ဆက်ကြေးမပေးလိုသူ( သို့မဟုတ်) ဆက်ကြေးမပေးဆောင်နိုင်သူများကို သတ်ဖြတ်ခြင်းများ မပြုလုပ်ရန် ” ဖြစ်သည်။
CNF အပေါ် ကျွန်ုပ်၏ တစ်သီးပုဂ္ဂလတောင်းဆိုမှုမှာ “ လူသတ်မှုများ နောက်ထပ် မကျူး လွန်ကြပါနှင့်၊ လူကို ဖမ်းဆီးခြင်းများ နောက်ထပ် မပြုလုပ်ကြပါနှင့်၊ လူကို နှိပ်စက်ခြင်းများ မပြုကြ ပါနှင့်တော့၊ ဓားပြတိုက်ခြင်းများ နောက်ထပ် မပြုလုပ်ကြပါနှင့်၊ အခြားသူ၏ ဥစ္စာပစ္စည်းများကို ဖျက်ဆီးခြင်းများ နောက်ထပ် မကျူးလွန်ကြပါနဲ့၊ ထို့အပြင် တာ၀န်ကျတပ်သားများ တာ၀န်အချိန် အတွင်း မူးယစ်သောက်စားမှု မရှိလျှင် ပိုမိုကောင်းမွန်လာလိမ့်မည် စသည်တို့ ဖြစ်သည်။
ကိုယ့်တပ်သားများကို လုံလောက်စွာ မကျွေးမွေးနိုင်သေးသရွေ့ စစ်သားစုဆောင်းခြင်း နောက်ထပ် မပြုလုပ်ကြပါနှင့်။ စစ်သားသစ်များ သင်တို့မလိုအပ်ပါ။ NCUB ၊ NDF တို့တွင် ၀င် ရောက်ခွင့်ရကြသဖြင့် သုံးပွင့်ဆိုင်ဆွေးနွေးရာတွင် ချင်းပြည်နယ် ကိုယ်စားရပ်တည်နိုင်ပါသော် လည်း စစ်လက်နက် အပြည့်အစုံနှင့် တပ်သားမြောက်များစွာ ထားရှိခြင်းများ သင်တို့အတွက် ပထမဦးစားပေးအရာများမဟုတ်ပါ။ တပ်သားအယောက် တစ်ရာ၊ နှစ်ရာလောက်ဖြင့် တပ်သားလေးသိန်းခန့်ရှိ သော စစ်တပ်ကို ပခုံးချင်းယှဉ်၍ရသော အရာမဟုတ်ပေ။ CNF ၏ လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများ မကြားရသေးခင် ကာလများတွင် CNF ကို ကျွန်တော် သဘောကျခဲ့ဘူးပါသည်။ ကျွန်ုပ်၏ ပြောဟောချက်များနှင့် လုပ်ဆောင်ချက်များ မပြောပလောက်ပါသော်လည်း မိမိကိုယ်မိမိ ကာကွယ်ခြင်းမှအပ ပြည်သူ၊ ပြည်သား များကို နှိပ်စက်သတ်ဖြတ်ခြင်းများ CNF အနေဖြင့် ရပ်တန်းကရပ်ကြပါ။
၂
အောက်ဖော်ပြပါ အကြောင်းအရင်းများသည် CNF ၏ ဒုစရိုက်ကျူးလွန်မှုများနှင့် လူသတ်မှုကျူး လွန်မှု များဖြစ်၍ DC ဇိ်ုမီးမိသားစု CNF နှင့် ထိပ်တိုက်တွေ့ရသည် အထိ အကြောင်းရင်းများ ဖြစ်ပါ သည်။
ဆိုင်းဇန်း (Saizang) ရွာသား ဗိုလ်မှူးဇယ်ဇလန့် (ငြိမ်း) (Major Zel Za Lang Ret) နှင့် ရွာသားသုံးဦး သတ်ဖြတ်ခြင်း။ ဆိုင်းဇန်ရွာသည် တီးတိန်မြို့မှ 7 မိုင်ခန့်ကွာဝေးသော အရပ်တွင် တည်ရှိပြီး အိမ်ခြေများသော ကျေးရွာတစ်ခုဖြစ်ပါသည်။ မဏိပူရ မြစ်သည် ရွာနှင့် မဝေးသော နေရာတွင် စီးဆင်းနေပါသည်။ လမ်းက (Lamka) ,တီးတိန် (Tedim) နှင့် စိုင်ကာယ်(saikal) ခရိုင် များတွင် နေထိုင်သော လူများ၏ ရှေးယခင်က နေထိုင်ခဲ့ဖူးသောအရပ် ကျိမ်နွဲ (Ciimnuai)နှင့် လည်း နီးနီးကပ်ကပ်တွင် တည်ထားသော ရွာဖြစ်ပါသည်။
ဦးကမ်းဟင် (Pu Kam Hen) သည် ဆိုင်းဇန်ရွာသား တစ်ဦးဖြစ်ပြီး မြန်မာနှင့် အိန္ဒိယကြား ကုန်ကူးရောင်း၀ယ်နေသူဖြစ်ပါသည်။ ဆိုင်းဇန်ရွာနှင့် အနီးအနားရှိရွာများအတွက် ယုံကြည် အားကိုးရသူတစ်ဦးလည်း ဖြစ်ပါသည်။ ချင်းပြည်နယ်တွင် ငွေကြေးပြည့်စုံသူ အလွန်ပင်နည်းပါး၍ ဦးကမ်ဟင်သည်လည်း CNF ၏ မျက်စီထောင့်ထောက်ကြည့်ခံနေရသူဖြစ်ပါ သည်။ ဆိုင်းဇန်ရွာ တွင် နေထိုင်သူဖြစ်သဖြင့် နယ်စပ်နှင့် နီးကပ်နေသည့်ဖြစ်၍ မီဇိုရမ် (Mizoram)၌ရှိသော CNF Nother Command Headquarter ဘက်မှ ဦးကမ်ဟင်၏ ကြွယ်၀မှုကို CNFတို့ သိရှိထားကြ သည်။ ထို့ကြောင့် CNF သည် ဆိုင်းဇန်ရွာသို့ လူတစ်ဦးကို စေလွှတ်လိုက်သည်။ ၄င်းCNF တပ် သားသည် မောင်းတစ်လုံး၀ယ်ရန် ယောင်ဆောင်ပြီး ရွာထဲသို့ ၀င်လာခဲ့ပါသည်။ ဦးကမ်ဟင်၏နေ အိမ်တွင် ရက်အနည်းငယ်တည်းခိုအပြီးတွင် မြန်မာ့ရိုးရာအ၀တ်အစားဖြစ်သော လုံချည် ၀တ်ဆင် လာခဲ့ပြီး ကျိမ်နွဲ (Ciimnuai) စကားစပြောလာခဲ့ပါသည်။
CNF တပ်သားဖြစ်သည်ကို မပြောပြသော ထိုသူ၏ လေယူလေသိမ်းသည် ဟားခါး (Hakha) လူမျိုးဖြစ်ကြောင်း သက်သေပြနေပါသည်။ ဦးကမ်ဟင်နှင့် ၄င်း CNF တပ်သားတို့သည် နေ့တွင်းချင်း၊ ညတွင်းချင်းပင် ငယ်ပေါင်းကြီးဖော်ကဲ့သို့ ရင်းနှီးလာခဲ့ကြ၍ အရက်ပင် အတူသောက် လာကြပါသည်။ CNF တပ်သားသည် ဦးကမ်ဟင်၏ ငွေများထည့်ထားသော သေတ္တာကို မှတ်သား ထားခဲ့ပါသည်။ ထိုအချိန်၌ ရူပီ (လေးသိန်း) (Rup . 400,00.00) ခန့်နှင့် ကျပ်တစ်သိန်း (100,000) ကျပ် ခန့်ကို ပိုင်ဆိုင်ထားပါသည်။ ဟားခါးလေသံဝဲနေသော ထိုသူသည် ရက်အနည်း ငယ် ကြာပြီးနောက် ရွာမှ ထွက်ခွာသွားခဲ့ပါသည်။
ထိုတပ်သား ထွက်ခွာသွားအပြီး ၃ရက်မြောက်နေ့ညတွင် ဦးကမ်ဟင်၏ နေအိမ်ရှေ့သို့ မျက်နှာဖုံးအုပ်ထားသော သေနတ်ကိုင် ၃ဦးရောက်ရှိလာခဲ့ပါသည်။ ၄င်း ၃ယောက်အထဲမှ တစ်ဦး သည် ဦးကမ်ဟင်အား သေနတ်ဖြင့် ချိန်၍ ငွေသေတ္တာဖွင့်ရန် အမိန့်ပေးပါသည်။ ဦးကမ်ဟင်သည် လည်း သူတို့၏ ခိုင်းစေချက်အတိုင်း အိမ်ထဲ၀င်၍ သေတ္တာဖွင့်ပေးခဲ့ပါသည်။ သေနတ်ကိုင် လူသုံးဦး သည် ဦးကမ်ဟင်၏ ငွေကြေးများ အကုန်လုံးယူသွားပြီး ထွက်သွားကြသည်။ သေနတ်နှင့် ချိန်ရွယ်သူ၏ လေသံကို ဖမ်းခြင်းအားဖြင့် မောင်း၀ယ်ရန် ယောင်ဆောင်သူဖြစ်ကြောင်းဦးကမ်ဟင် သိရှိထားသည်။
CNF များဖြစ်သည်ကိုလည်း ရိပ်စားမိသည်။ ယင်းအဖြစ်အပျက်သည် 1996ခုနှစ် အောက်တိုဘာလ တစ်ခုသော သောကြာနေ့ ဖြစ်ပါသည်။ (နေ့ရက်မှားယွင်းနိုင်)။ တနင်္ဂနွေနေ့ ရောက်သောအခါ သူ၏ ညီအစ်ကို မောင်နှမ အသိုင်းအ၀န်းများက နေအိမ်သို့ ရောက်ရှိလာပြီး (ဇိုမီးထုံးစံအတိုင်း - ဘာသာပြန်သူ) အစားအသောက်(အကျွေးအမွေး) များဖြင့် နှစ်သိမ့်ပေးကြပါ သည်။
ထိုနေ့ တစ်ရက်တည်းတွင် ဆောလမွန် (Solomlon)ဦးဆောင်သော CNF တပ်ဖွဲ့သည် ရွာသူကြီး ဗိုလ်မှူးဇလ်ဇလန်(ငြိမ်း) (Major Zel Za Lang Ret) ထံသို့ သွားရောက်၍ ဆိုင်းဇန်ရွာ သားများ စစ်ကြေးပေးဆောင်ရန် တောင်းဆိုကြသည်။ထိုအချိန်၌ ဦးဇလ်ဇလန်၏ လက်ထဲတွင် ကျပ်တစ်သိန်း(100,000) သာရှိသဖြင့် ရွာသားများထံမှ ဆက်ကြေးကောက်ခံပြီးသည့်အချိန်တွင် ကောက်ခံပေးရန် တောင်းဆိုခဲ့ပါသည်။ ရွာသူကြီးသည် ဧည့်သည်များကို လက်ဖက်ရည်ဖြင့် တည်ခင်း ဧည့်ခံနေချိန်တွင် ရွာသားတစ်ယောက်သည် ဦးကမ်ဟင်ထံသို့ သွားရောက်၍ ပိုက်ဆံ လုယူသွားသော CNF တို့သည် သူကြီးအိမ်တွင် ရောက်ရှိနေကြောင်း ပြောပြသည်။ ထို့ကြောင့် ဦးကမ်းဟင်နှင့် သူ၏ သူငယ်ချင်းတစ်စုသည် ဦးဇလ်ဇလန် နေအိမ်သို့ ဦးတည်ပြီး ချက်ချင်း ထွက်ခွာလာခဲ့သည်။
ဦးကမ်ဟင်သည် မောင်း၀ယ်ရန် ယောင်ဆောင်ခဲ့သည့် သူ့အိမ်တွင် ညအိပ်တည်းခိုဖူးသူ ကို မြင်လျှင် မြင်ချင်း သူ၏ သူငယ်ချင်းများနှင့် အတူ ၄င်း CNF သုံးဦးကို ၀င်လုံးကြသည်။ CNF ခေါင်းဆောင်ဆော်လမွန်သည် ၀င်လုံးသူများကို သူ၏ ခြုံထားသော တဘက်အောက်မှ သေနတ် ဖြင့် ပစ်သည်။ ရွာသားတစ်ဦး၏ ၀မ်းဗိုက်နှင့် သူကြီး၏ပေါင်ခြံကို ထိမှန်ခဲ့သည်။ ရွာသူကြီး၏ စစ်၀တ်စုံဖြင့် ရိုက်ကူးထားသော ဓာတ်ပုံကိုလည်း သေနတ်ဖြင့်ပင် ပစ်၍ ဖျက်ဆီးခဲ့ သည်။ ရွာသား များကို စိတ်ကြိုက်ပစ်ပြီး အချိန်တွင် CNF များထွက်ခွာခဲ့ကြ၏။ သူကြီး၏ အိမ်သားများသည် ဒဏ်ရာရသူများကို ကူညီပေးရန် သူနာပြုဆရာမကို ခေါ်ပေးပါသည်။ CNF အဖွဲ့ပြန်၀င် လာနိုင် သဖြင့် ရန်သူကို ခုခံရန် ရွာသားများကို ဆင့်ခေါ်ထားပါသေးသည်။ တူမီးသေနတ်ကိုကိုင် ဆောင်ထားကြသည်။
သူနာပြုဆရာမ ပြန်သွားပြီးနောက် CNF တို့သည် နောက်ထပ် 15 ယောက်ခန့်နှင့် အတူ ညသန်ခေါင်အချိန်ခန့်တွင် အမှန်ပင်ရောက်ရှိလာခဲ့ကြသည်။ တူမီးနှင့် ပစ်သော်လည်း မထိ/မမှန် နိုင်ဖြစ်ရရှိပါသည်။ CNF တို့သည် ၄င်းသေနတ်ကိုင်သူကို ပြန်ပစ်ရာ ကျည်သင့်၍ ထိုသူချက်ချင်း အသက်ပျောက်သွားခဲ့သည်။ သေနတ်သံများ ကြားရသောအခါရွာသားများသည် CNF ရန်ကိုခုခံ ကာကွယ်ရန် သေနတ်ကိုယ်စီဖြင့် လာရောက်ကြရန် အချင်းချင်းဆော်သြကြပါသည်။ အနည်း စုဖြစ်သည့် သေနတ်ရှိသောသူရွာသားများသည် သူကြီးအိမ်သို့ အရောက်တွင် အချိန်နှောင်းသွားခဲ့ပါ သည်။ လက်နက်ကောင်းများကိုင်ဆောင်လာသူ CNF တို့သည် အိမ်တွင်းသို့ ၀င်ရောက်နှင့် ခဲ့ပြီး အခန်းတိုင်းကို ၀င်ရောက်မွှေနောက်ပြီး ကျည်ဖြင့် ပစ်ခဲ့ကြသည့်အပြင် မည်သည့်လက်နက်မှ ကိုင်ဆောင်ထားခြင်းမရှိသော ဦးဇလ်ဇလန်နှင့် အခြားသူတစ်ဦးကို လူမဆန်စွာ ပစ်သတ်ပြီး နေပြီ ဖြစ်သည်။ ဂေဟာတစ်ခုလုံးတွင် အခြားလူအရိပ်အယောင်ရှိ၊ မရှိကိုလည်း ရှာဖွေစစ်ဆေးပြီး ဖြစ်ပါသည်။
၁၄ နှစ်သားဖြစ်သော သူကြီး၏ သားငယ်ကိုလည်း ပစ်သတ်ရန် ချိန်ရွယ်ခဲ့ပါသေးသည်။ သူကြီး၏ သမီးနှစ်ဦးသည်လည်း အိမ်တွင်ရှိနေပြီး သူတို့၏ ဖခင်ကို သတ်ဖြတ်ပြီးသည့် ဖြစ်၍ မောင်ငယ် အား အသက်ချမ်းသာပေးရန် ငိုယိုတောင်းပန်ခဲ့ကြပါသည်။ မောင်လေးအား မသတ်ရန် အတွက် မိမိတို့တွင်ရှိသော ငွေကြေးများအကုန်ယူသွားကြရန်နှင့် ထိုမျှနှင့် မကျေနပ် သေးပါက အိမ်ထဲရှိ အလိုရှိသောအရာကို ၀င်ရောက်မွှေနှောက်ရှာဖွေနိုင်ကြောင်း တောင်းဆို ကြ၏။ ထိုအခါ CNFတို့သည် ကောင်လေးကို မသတ်ပဲ ထွက်ခါသွားကြသည်။ မနက်မိုးလင်းသောအခါ အိမ်ပေါ် ထပ်တွင် ပုန်းရှောင်နေသူ လက်နက်မကိုင်ဆောင်ထားသော ရွာသားတစ်ဦးကိုလည်း CNF တို့ ပစ်သတ်ထားသည်ကို ရွာသားများကရှာတွေ့ထားကြသည်။ ဦးကမ်းဟင်သည်ကား CNFတို့ပြန်၀င် လာသဖြင့် နေအိမ်သို့ ပြန်သွားသဖြင့် မည်သည့် ဒဏ်ရာမျှ ရရှိခြင်းမရှိပေ။
တုန်ဇန် (Tungzang) ရွာသူကြီး အသတ်ခံရခြင်းကိစ္စ
တုန်ဇန်ရွာသည် အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိသော ရွာဖြစ်ပါသည်။ သက္ကရာဇ်၂၀၀၀ ခုနှစ် အောက်တိုဘာလ 15 ရက်နေ့တွင် CNF တပ်ဖွဲ့၀င် ၃ဦး ရွာထဲသို့ ၀င်ရောက်လာပြီး သူကြီး ဦးဇမ်တုန်းထန် (Pu Zam Tung Thang) အား ရှာဖွေကြပါသည်။ ဦးဇမ်တုန်းထန် (Pu Zam Tung Thang)သည် အသက် (၄၅)နှစ် ရှိသော ရပ်ရွာအရေးနှင့် နိုင်ငံရေးများတွင် လွန်စွာ စိတ်၀င်စားသူတစ်ဦးဖြစ်ပါသည်။ ZNC ပါတီ၏ ဒေသတွင်း ဥက္ကဌတစ်ဦးလည်းဖြစ်သည်။ မြန်မာ တပ်မတော်နှင့် ၄င်းတို့၏ ထောက်လှမ်းရေးများဖြစ်သော MI တို့နဲ့လည်း အလွန်ရင်းနှီးနေသူဖြစ် သည်။ CNFတို့၏ ဆက်ကြေးကောက်ခံမှုနှင့် ရွာအတွင်းသို့ ၀င်ရောက်လာမှုကို MI များထံသို့ သတင်းပို့ခြင်းများရှိပါသည်။ ၄င်းသတင်းပို့သူမှာ ဦးဇမ်တုန်းထန် (Pu Zam Tung Thang) ဖြစ် မည်ဟု ယူဆထားကြပါသည်။
CNF တို့ ဦးဇမ်တုန်းထန် (Pu Zam Tung Thang)ကို လာရောက်စုံစမ်းချိန်တွင် သူသည် ရွာအထွက်ရှိ သူ၏ ခြံတွင် အလုပ်လုပ်နေချိန် ဖြစ်သည်။ ရွာသား ဦးကျင့်လမ့်ထန် (Pa Cin Lam Thang) ကို ခေါ်၍ ဦးဇမ်တုန်းထန် (Pu Zam Tung Thang)၏ ခြံကိုလိုက်ပြပေးရန် CNF အဖွဲ့က နိုင်ထက်စီးနင်းခိုင်းစေပါသည်။ ဦးဇမ်တုန်းထန်ခြံအရောက်တွင် CNF တို့သည် ဦးကျင့်လမ့်ထန်ကို ဘွဏ်လီ (Buanli)ရွာသို့ သွားရန် ထပ်ခိုင်းပြန်သည်။ ထိုရွာ၌လည်း ဆက်ကြေးကောက်ခံရန် အစီအစဉ်ရှိသောကြောင့် ဖြစ်သည်။ ဘွဏ်လီရွာသူကြီးကို ကြက်ဥနှင့် ဆက်ကြေးကောက်ခံ၍ သူတို့ CNF တို့မရောက်မှီ အဆင်သင့် ဖြစ်စေရန် မှာကြားလိုက်သည်။
ဘွဏ်လီမှ ဦးကျင့်လမ့်ထန် ပြန်လည်ရောက်ရှိလာသောအခါ ခြံထဲတွင် ဦးဇမ်တုန်းထန်နှင့် CNF တို့မရှိကြတော့ချေ။ ထို့နောက် နေ၀င်မိုးချုပ်ချိန်တွင် မိမိနေအိမ်သို့ပြန်သွားခဲ့သည်။ အိမ်သူ အိမ်သားများ စိုးရိမ်ပူပန်မှု အပြည့်နှင့် အိမ်တွင်စောင့်နေရစ်ခဲ့သည့်ကို မြင်တွေ့ရပါသည်။ ဦးဇမ်တုန်းထန်၏ ရုပ်အလောင်းကိုမှု နောက်ထပ် ၄ရက်မြောက်နေ့တွင် တောထဲမှ ရှာတွေ့ခဲ့ပါ သည်။ ကျည်ဒဏ်သင့်၍ သေဆုံးခဲ့ရသည် ဖြစ်သောကြောင့် CNF တို့၏ ပစ်သတ်ခြင်းခံရသည်ဟု ယူဆနိုင်ဖွယ်ရှိပါသည်။ " အစိုးရနှင့် ပူးပေါင်းသူ မှန်သမျှ ဤကဲ့သို့ခံစားရမည်" ဟူသော CNF တံဆိပ်တုံးပါ စာတန်းတစ်ခုကိုလည်း ကိုယ်ပေါ်တွင် ချိတ်ထားသည်ကို တွေ့ရှိရပါသည်။
မြန်မာတပ်မတော်သားများသည် ဦးဇမ်တုန်းထန် (Pa Zam Tung Thang) သေဆုံးသည့် သတင်းကို ကြားသိသော အခါ မည်သို့မည်ပုံ သေဆုံးရသည်ကို စုံစမ်းကြ၏။ ဦးကျင့်လမ့်ထန်ကိုလည်း တီးတိန်မြို့သို့ မကြာခဏ ဆင့်ခေါ်လေ့ရှိသည်။ သူသည် CNF တို့ကို ကူညီထောက်ပံ့နေသည်ဟု စွပ်စွဲခြင်းခံရ သူဖြစ်ပြီး ဤစာရေးသားနေချိန်တွင် ဖမ်းဆီးချုပ်နှောင်ခြင်းမခံရသေးပါ။ သို့ရာတွင် စစ်ဆေး မေးမြန်းမှုများ ဆက်တိုက် ပြုလုပ်နေချိန်ဖြစ်သည်။
၃
ဦးဇမ်ခန့်ပေါင် (Pu Zam Kham Pau) အသတ်ခံရခြင်း
စစ်သားများသာ လုပ်ပိုင်ခွင့်ရထားသည့် မဆလ (BSPP –Burma Socialist Programme Party / မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ) ၏ ဦးဆောင်မှုနှင့် န၀တ ( SLROC-State Law and Order Restoration Council/ နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) နှင့် နအဖ (SPPC/State Peace and Development / နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) တို့၏ လမ်းမှားကို လိုက်လျှောက်မိခြင်းများကြောင့် ချင်းပြည်နယ် အတွင်းရှိ ပြည်သူများ ဒုက္ခဆင်းရဲခြင်းများကို ရင်ဆိုင်ခဲ့ရပါသည်။ ဇိုမီး (Zomi) များသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ် (Mizoram) ပြည်နယ်နှင့် ကူးလူးဆက်ဆံမှုများ အလွန်ပင်များပြားလှပါသည်။ ကြက်ဥ၊ ကြက်၊ ၀က်၊ နွား စသည်များအပြင် ခြံထွက်သီးနှံများကို မီဇိုရမ်သို့ သွားရောက်ရောင်းချပြီး ချင်းပြည်နယ် တွင် မရှိသော ဆေးဝါးများကို ၀ယ်၍ ပြန်လာခဲ့ကြသည်။
1995 ခုနှစ် မတ်လထဲတွင် လိုဖေး(Lophei) ရွာသား လူငယ်တစ်စုသည် နွားတစ်အုပ်နှင့် အတူ မီဇိုရမ်နယ်ကို ကူး၍ တီအို (Tio) ချောင်းနံဘေးတွင် ရှိသော ဇိုသဲ-ဖာလ်တန်( Zote-farthlang) ဘက်သို့ ဦးတည်၍ ခြေကျင်ခရီးနှင်လာခဲ့ကြသည်။ လေးရက်ကြာခရီးဖြစ်ပါသည်။ ဇ်ိုသဲနှင့် ဖာလ်တန်နှစ်ရွာကြားတွင် CNF တပ်သားများ စခန်းချ၍ ခရီးသွားလာသူများထံမှ ဆက်ကြေးကောက်ခံကြသည်။CNF တို့သည် ဦးဇမ်းခန့်ပေါင်နှင့် သူ့ညီထံမှ ဆွဲခေါ်လာသည့် နွားများအတွက် ဆက်ကြေးတောင်းခံကြသည်။ မီဇိုရမ် အတွင်းသို့တွင် ရောက်လိုသဖြင့် ဆက်ကြေးပေးဆောင်ကြသည်။ နွားများရောင်းချအပြီးတွင် ၀ယ်စရာ ရှိသည်များကို ၀ယ်ခြမ်းပြီး သည့် အချိန်တို့ ရွာဘက်သို့ ပြန်လာခဲ့ကြသည်။
ဦးဇမ်ခန့်ပေါင် အသက်(၂၄)နှစ်သည် နွားများဆွဲခေါ်ရန် အစ်ကိုဖြစ်သူ ငှားရမ်းထားသူဖြစ် သည်။ အသက်နှစ်နှစ်ရွယ်သားငယ်နှင့် ဇနီးသည် မီးဖွားခါနီး ကိုယ်၀န်သည် ဖြစ်သဖြင့် အိမ်ပြန်ရောက်ရန် စိတ်စောနေသူဖြစ်သည်။ သူနှင့် သူ၏ သူငယ်ချင်းသည် နယ်စပ်ရောက်သော အခါတွင် နေ၀င်ခါနီးနေသဖြင့် ခရီးမဆက်ကြပေ။ ဇိုသဲရွာနှင့် မလှမ်းမကမ်း တစ်နေရာမြန်မာ ပိုင်နက်ထဲတွင် အစိုးရစစ်သားများ တပ်စွဲထားသဖြင့် CNF စစ်သားတို့သည် သူတို့၏ စခန်းချသည့် နေရာကို မြန်မာစစ်သားများသိရှိမည်ကို မလိုလားကြပေ။ နယ်စပ်ဖြတ်သန်းခွင့်ပေးပါက အစိုးရ စစ်သားများသည် သူတို့ (CNF) တို့ရှိနေကြောင်း ပေါက်ကြားသွားမည်ဖြစ်ပါသည်။
သို့ရာတွင် ဦးဇမ့်ခန့်ပေါင်သည် ဇနီးသည် မီးဖွားခါနီးနေသဖြင့် အိမ်သို့ အမြန်ပြန်ရောက် လိုသောကြောင့် CNF တပ်သားများ ထံခွင့်တောင်းခဲ့သည်။ ထိုအခါ CNF တို့က ငွေကျပ်တစ်ရာ ပေးမှ နယ်စပ်ဖြတ်ခွင့်ပြုမည်ဟု ပြောကြားခဲ့သည်။ သို့သော် သူ၏ လက်ထဲတွင် 50 ကျပ်သာကျန် တော့သည်။ ထိုငွေ ၅၀ ကျပ်တန်ကို ပြရာ CNF တို့သည် သေနတ်ဒဏ်ဖြင့် ထုထောင်းပြီး မြေကြီး ပေါ်တွင် လှဲချခဲ့သည်။ သေနတ်ဦးနှင့် ၀မ်းဗိုက်ကို ထိုးနှက်၍ ပေါက်သွားသည် အထိဖြစ်ခဲ့ပါသည်။ ဒဏ်ရာဗရပွနှင့် ဟိုင်မွောလ် (Haimual) ရောက်ရှိလာခဲ့ပြီး ထိုညတွင်ပင် အသက်ပျောက်ခဲ့ရရှာပါ သည်။
ဦးခမ်ခိုပေါင်သည်(Pu Kham Khaw Pau)ကို ဓားပြတိုက် (CNFရန်ကြောင့် နာမည်ပြောင်း ထားသည်)
ဦးခမ်ခိုပေါင်သည် နယ်စပ်ကိုဖြတ်၍ ကားမောင်းနေသူဖြစ်ပါသည်။ နယ်စပ်အထိသွားရာ လမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ် အမြောက်အများရှိသည့် အပြင်အဖွဲ့၄ဖွဲ့ထံတွင် ဆက်ကြေး (ခ) လာဘ်ထိုးရန်လိုအပ်သည်မှာ အထူးပြောစရာမလိုပါ။ ထိုအဖွဲ့၄ဖွဲ့မှာ အစိုးရဘက်မှ အခွန်ကောက်သူများနှင့် ရဲများ၊ အစိုးရတပ်သားများနှင့် CNF တပ်သားများဖြစ်ကြပါသည်။ နယ်စပ် ရွာဖြစ်သော ရိခေါဒါး(Rih Khuadar)ရွာတွင် အစိုးရစစ်သားများအချို့စခန်းချထား၍ တီအို ချောင်းဘက် ခြမ်းတွင်လည်း စခန်းတစ်ခုချထားပါသည်။ ချောင်း၏ တစ်ဘက်ကမ်းသည် မီဇိုရမ် အိန္ဒိယ ပိုင်နက် ဖြစ်သည်။ CNF တို့သည် အနောက်ဘက်ခြမ်း/ကမ်းတွင် စခန်းချထားကြ သည်။
ဦးကမ်းခိုပေါင် ခရီးသွားလေ့ရှိသည့် ၂၀၀၁ခုနှစ်၊ မတ်လ အတွင်းတွင် CNF တပ်သားများသည် ရိခေါဒါးနှင့် တီအိုချောင်း ကြားတွင် သွားလာလေ့ရှိသည်။ ရိခေါဒါးနှင့် တီအိုချောင်းသည် ၃ မိုင်သာ ကွာဝေးပါသည်။ မြန်မာအစိုးရတပ်သားများနှင့် CNF တို့ကြားတွင် သဘောတူညီချက် တစ်ခုရှိခဲ့ သည်။ ၄င်းမှာ -CNF တို့သည် သူတို့ဘက်ခြမ်းတွင် ဆက်ကြေးကောက်ခံခွင့်ရှိသည်။ အကြောင်း မူကား CNFများမရှိလျှင် အစိုးရတပ်သားများလည်း ဤအရပ်ဒေသတွင် စခန်းချရန်မလိုအပ် သောကြောင့်ဖြစ်သည်။ အပြန်အလှန်အားဖြင့် CNF တို့သည်လည်း စီးပွားရေးသမား များထံမှ ဆက်ကြေးကောက်ခံနိုင်ရန် အစိုးရတပ်သားများရှိရာ အရပ်လိုအပ်မှု ရှိနေပြန်ပါ သည်။
ထို့ကြောင့် CNF တို့သည် ဦးကမ်ခိုပေါင်အား ရိခေါဒါးမှ ကိုက်ပေါင်း ၂၀၀ အတွင်းတွင် ရပ်နားခိုင်းလေ့ရှိသည်။ CNF တပ်သားသည် ဦးကမ်ခိုပေါင်ယူဆောင်လာသော ငွေကြေးများ အကုန်ပေးရန် တောင်းခံခဲ့သည်။ ပိုက်ဆံတောင်းရင်း သူ၏ မျက်နှာကိုလည်း လက်သီးဖြင့် ထိုးမြဲ ထိုးနှက်နေပါသေးသည်။ သူသည်လည်း အိတ်ထောင်ထဲတွင် ကျပ်တစ်သောင်း(၁၀၀၀၀) သာပါရှိ သော ကြောင့် ပါသမျှ ပိုက်ဆံကို အကုန်ပေးအပ်လိုက်သည်။CNF တပ်သားသည် ကျပ် တစ်သောင်းရှိသည်ကို မယုံကြည်သဖြင့် ထပ်မံတောင်းရမ်းခဲ့ပါသည်။ CNF တပ်သားသည် ဦးကမ်ခိုပေါင်၏ ၀မ်းဗိုက်ကို သေနတ်ဦးဖြင့် ထိုးနှက်သည့် အချိန်တွင် သူသည် အလွန်ပင် စိုးထိတ်နေခဲ့ရပါသည်။ ထိုအခါ အိတ်ထဲရှိ အနည်းငယ်မျှသော ငွေကြေးဖြင့် အသက်ဆုံးရှုံးရ မည်မှာ မတန်ဟုဆို၍ ပါသမျှ ပေးအပ်လိုက်သည်။ ထိုအခါ CNF တပ်သားသည် " စတောင်း တုန်းက ချက်ချင်းပေးတာမဟုတ်ဘူး" ဟုဆိုပြီး စိတ်ဆိုး၊ မာန်ဆိုးဖြစ်ကာ ထိုးနှက်၊ ရိုက်ပုတ်မှုများ ပိုမို ပြင်းထန်လာပါသည်။ ဦးကမ်ခိုပေါင်လွတ်မြောက်လာသောအခါတွင် ၃ရက်ခန့် အစာမစား နိုင်ပဲ၊ ရေသောက်လိုလျှင်လည်း ဝါးပြောင်း(ဝါးပြွန်) ဖြင့်သာတိုက်ခဲ့ပါသည်။
ဦးထွမ်ဂိုပေါင် (Thuam Go Pau) အသတ်ခံရခြင်း
ဦးထွမ်ဂိုပေါင်သည် ကလေးမြိ်ု့နှင့် မီဇိုရမ်ကြားတွင် သွားလာ၍ စီးပွားရှာနေသူတစ်ဦး ဖြစ်ပါသည်။ တွီးထန် (Tuithang)ရွာတွင်လည်း စျေးဆ်ိုင်လေးတစ်ဆိုင် ဖွင့်ထားပါသည်။ အိမ်ထောင်ဦးစီးဖြစ်သဖြင့် မကြာခဏဆိုသလို ကလေးမြို့မှ ကုန်ပစ္စည်းများ၀ယ်ယူ၍ မီဇိုရမ်တွင် ပြန်ရောင်းလေ့ရှိသူဖြစ်ပါသည်။ မီဇိုရမ်မှလည်း ပစ္စည်းအချို့၀ယ်၍တွီးထန်ရွာတွင် ရောင်းချသည် များလည်းရှိပါသည်။ ၂၀၀၁ ခုနှစ် မတ်လ အတွင်းတွင် မိတ်ဆွေအချို့နှင့် အတူ ကုန်ပစ္စည်း ရောင်း၀ယ်ရန် ထွက်ခွာလာရာ ဂွန်(Gun) ချောင်းနံဘေးတွင် ညအိပ်ရန် စခန်းချကြသည်။ မီးမွေး၍ ထမင်းလည်းချက်ကြ၏။ မီးပုံဘေးတွင် ထိုင်နေကြစဉ်တွင် ချောင်းတစ်ဘက်ကမ်း တစ်နေရာမှ သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်သူရှိနေသဖြင့် မပစ်ကြပါနဲ့၊ ကျွန်တော်တို့သည် အရပ် သားများဖြစ်ပါသည် ဟုပြောပြကြသော်လည်း ဦးထွမ်ဂိုပေါင်သည် ကျည်ဆံထိမှန်၍ သေဆုံး ခဲ့ရပါသည်။ ယင်းသေနတ်ဖြင့် ပစ်ခတ်သူများမှာ CNF များဖြစ်ကြောင်း နောက်မှသိရှိခဲ့ကြပါ သည်။
CNF ဘက်မှလည်း ဦးဇမ်းဂိုပေါင်ကို သတ်ကြောင်း ကြေညာခဲ့သည့်အပြင်၊ မြန်မာ အစိုးရ တပ်သားများမီးမွှေးနေသည်ဟု ယူဆသောကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ အစိုးရ တပ်သားများသည် ရန်သူဟု ယူဆရလျှင် မြင်မြင်သမျှလှမ်းပစ်ကြသဖြင့် ကျွန်တော်တို့လည်း ထိုအတိုင်း ပစ်ခြင်းဖြစ်သည် ဟု CNFများက ကြေညာခဲ့ကြသည်။ ဦးထွမ်ဂိုပေါင်သည် ကလေး၃ယောက်၏ ဖခင်ဖြစ်ပြီး ထိုကလေး၃ဦးကို မိဘမဲ့ ကျောင်းပို့ခဲ့ ရရှာပါသည်။
၄
YMA ခွာလင်း (Khuang Leng)ရှာ၊ မီဇိုရမ် ဥက္ကဌ ဦးစီလာလ်းမန်ငိုက်အား (Pu C Lahmangaiha) သတ်ဖြတ်ခြင်း
1996 ခုနှစ်၊ ဇူလိုင်လ ၁၂ရက် နေ့ညတွင် သေနတ်ကိုင် CNF စစ်သား၃ဦးသည် အိန္ဒိယနှင့် မြန်မာနယ်စပ်ရွာတစ်ရွာဖြစ်သော ခွာလင်း (Khuangleng) ရွာအတွင်းသို့ ၀င်ရောက်လာခဲ့ပြီး ရွာသူရွာသားများအပေါ်တွင် ဒုက္ခမျိုးစုံ နှင့် နှိပ်စက်ခဲ့ကြသည်။ ထိုစစ်သား၃ဦးသည် အိမ်တစ် အိမ်သို့ရောက်လာပြီး တံခါးကို အသံကျယ်လောင်စွာခေါက်ပြီး CNF များဖြစ်ကြောင်း နှင့် တံခါးဖွင့် ပေးရန် ခဏတာ အော်ဟစ်ကြ၏။ CNF များမကြာခဏ၀င်ရောက်လေ့ရှိသဖြင့် ရွာသားများသည် ကျီးလန့် စာစားနေရပါသည်။ ရွာသူရွာသားများကို သွားရောက်စောင့်ရှောက်ရန် ဦးလား မန်ငိုက်အား သည် အိမ်ထဲမှ ထွက်ခွာလာခဲ့ပါသည်။ အဘယ်ကိစ္စရှိပါသနည်းဟု မေးမြန်း သောအခါ CNF တို့သည် ကျည်ဆံနှင့် သာပြန်ဖြေကြသောကြောင့် ထိုနေရာ ရွာလယ် ခေါင်တွင်ပင် ပွဲချင်းပြီး သေဆုံး ခဲ့ရပါသည်။ CNF ၃ ဦးသည် အခြားရွာတစ်ခုသို့ ထပ်မံ သွားရောက်၍ အိမ်တစ်အိမ်သို့၀င်ပြီး အိမ်ရှင်အားလက်ဖက်ရည်ဖျော်ခိုင်းပြီး လက်ဖက်ရည် သောက်ပြီးသောအခါ ထပြန်သွားကြပါသည်။
မီဇိုရမ်ရဲများက ၄င်းCNF များကို နောက်မှလိုက်လံကြရာ ၁၉၉၀ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်န့တွင် ဦးလာမန်းငိုက်အားကို သတ်သွားသူများနှင့် ဗဖိုင်း(Vaphai)ရွာတွင် အပြန်အလှန် ပစ်ခတ်ကြရာ CNF စစ်သားကချွန်း (Ca Chun)ကျဆုံးခဲ့သည်။ ဇူလိုင်(၂၅)ရက်နေ့တွင် အိုက်ဇော လ်(Aizaw)မြို့တော်တွင် အင်အား(၄၀၀၀)ခန့် ရှိသော ပုထုသည် CNF၏ ဦးလာလ်း မန်ငိုက်အား သတ်ဖြတ်မှုကို မကျေနပ်သည့် ဆန္ဒဖော်ထုတ်မှု တစ်ခုပြုလုပ်ခဲ့ကြ၏။ ၄င်းဆန္ဒ ဖော်ထုတ်မှုတွင် YMA အထွေထွေအတွင်းရေးမှူး (YMAGS)နှင့် မီဇိုရမ်ပြန်နယ်၀န်ကြီး (Mizoram Home Minister)ဖြစ်သော ဦးဂျေလာလ်းဆန်းဇွာလား (Pu J Lalsangzuala)သည် CNF အပေါ်တွင် အပြစ်တင်မှုများ ထုတ်ဖော်ကြေငြာခဲ့ ပါသည်။
ယင်းဆန္ဒဖော်ထုတ်မှုမှ သဘောတူညီထားသော ဆုံးဖြတ်ချက်(၇)ချက်မှာ -
၁။ ခွါလင်း (Khualeng)ရွာသားများကို ကူညီရန် ထွက်ခွာလာသော ဦးလားမာန်ငိုက်အားကို အရိုအသေပြုမှုနှင့် ချီးမြှောက်မှုများ ပြုလုပ်။
၂။ ဤလူထု ဆန္ဒဖော်ထုတ်မှုသည် ဦးလာလ်မန်ငိုက်အား လုပ်ကြံခံရခြင်းသည် ဥပဒေ ချိုးဖောက်သည့် အပြစ်ကျူးလွန်မှု အဖြစ်သတ်မှတ်။
၃။ လူထုဆန္ဒဖော်ထုတ်မှုသည် မီဇိုရမ်အစိုးရထံသို့ ဦးလာလ်မန်ငိုက်အား၏ ကျန်ရစ်သူ ဇနီးသည်နှင့် သားသမီးများအား လျော်ကြေးပေးရန် တောင်းဆို။
၄။ နယ်စပ်တစ်လျှောက် လူထုကို အမြဲထိတ်လန့်စေသော CNFတို့၏ ရန်မှကာကွယ်ရန် ကျေးရွာများတွင် ကင်းလှည့်ရဲများ ထားပေးရန်။
၅။ နယ်စပ်တစ်လျှောက် ရဲများကင်းလှည့်ပေးရန်။
၆။ မီဇိုရမ်အတွင်းရှိ နိုင်ငံခြားသားအားလုံး မောင်းထုတ်ပေးရန်။
၇။ YMA လိုအပ်သည့် အချိန်တိုင်း ရဲများက အကူအညီပေးနိုင်ရန်။
၁၉၉၆ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့တွင် မီဇိုရမ်အစိုးရသည် နထီးယလ် (Hnathial)ရွာမှ စ၍ မြန်မာနိုငငံသား ရွှေ့ပြောင်းလုပ်သားများ အားလုံးကို မောင်းထုတ်ခဲ့သည်။ မီဇိုရမ် ပြည်နယ် အနှံ့ရှိ မြန်မာနိုင်ငံသားများအားလုံးကို မောင်းထုတ်ရန် စတင်ခဲ့ကြသည်။ ၁၉၉၆၊ သြဂုတ်လ (၃)ရက်နေ့တွင် CNF တို့သည် မီဇိုရမ် ရဲသားဖြစ်သူ ဦးဗန်လာလ်းပက်က လန်စ်နိယက် (Pu Vanlalpeka Lance Naik)ကို ပစ်သတ်ကြသည်။ ခွာလင်းရွာအရေး ဖြစ်ပျက်ပြီးမ ကြာမှီ အချိန်တွင် CNF သည် ရွှန်တလန်း (Ruantlang)ရွာရှိ ခရစ်ယာန် သာသနာ့ပြု ရဟန်းတစ်ပါးကို သေနတ်ဖြင့်ပစ်၍ ဒဏ်ရာရစေခဲ့ကြပါသည်။
ဒေါက်တာ ဦးဗွမ်ဆွန် (Dr. Pu Vumson)
#INNPI translation (Zomi version to Burmese version) is
organised by Innpi Emperorz,
transtlated by Tg. Hau Sian Khup and
sponsored by
Tg. En Khan Khup
Tg. Kham Zai
Tg. Lian Than Tuang
Pa Sian Sawmpi
Pa Thang Hau (Thangnuai)
Tg. Thang Sawm Kim (Sunflower, Tedim)
Tg. Tuan Muan Mung